မောင်တောမြောက်ပိုင်း ကြိမ်ချောင်းရွာသို့ ရိက္ခာထောက်ပံ့ရန် သွားခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့များ မိုင်းတွေ့သဖြင့် ပြန်လှည့်ခဲ့ရ

မောင်တောမြောက်ပိုင်း ကြိမ်ချောင်းရွာသို့ ရိက္ခာထောက်ပံ့ရန် သွားခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့များ မိုင်းတွေ့သဖြင့် ပြန်လှည့်ခဲ့ရ

=======================

=======================

မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာသို့ ကယ်ဆယ်ရေးရိက္ခာ ထောက်ပံ့ရန် သွားရောက်ခဲ့ကြသည့် ဝေဠုကျော် ဖောင်ဒေးရှင်း၊ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့နှင့် ဦးနေမျိုးဇင် စသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များ မိုင်းတွေ့သဖြင့် ပြန်လှည့်လာခဲ့ရကြောင်း သိရသည်။

ကူညီကယ်ဆယ်ရေး အဖွဲ့များသည် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာသို့ စက်တင်ဘာ ၃ ရက်နေ့က ထွက်ခွာသွားခဲ့ပြီး ကျီးကန်းပြင် နယ်ခြားစောင့် ဌာနချုပ်အလွန် မောင်နှမ ဘင်္ဂါလီကျေးရွာအတွင်း ကားလမ်းပေါ်တွင် ဘင်္ဂါလီ အကြမ်းဖက်သမားများ ထောင်ထားသောမိုင်း တွေ့ရှိသဖြင့် လှည့်ပြန်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်

သင်္ဂဟကမ်းလက် ရက္ခိတ အဖွဲ့မှ ကိုအမ်းသားကြီးက “မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းရွာက ဆရာမတွေက သူတို့ကို ကယ်ထုတ်ပေးဖို့ ဖုန်းဆက်ပြောလာတဲ့အတွက် ကြိမ်ချောင်းကို ဘယ်လိုသွားမလဲလို့ စုံစမ်းတဲ့အခါ စစ်တပ်က သွားဖို့ရှိတယ်။ လိုက်ချင်ရင် လိုက်လို့ရတယ်ဆိုလို့ ကျနော်တို့ ဒီကနေ့မှာ ကိုဝေဠုကျော် ဖောင်ဒေးရှင်းအဖွဲ့နဲ့ အတူသွားတဲ့ အခါမှာ ပထမ အောင်မင်္ဂလာရွာ ရောက်တယ်။ နောက်ဆက်သွားတဲ့အခါ မောင်နှမ ဘင်္ဂါလီရွာကို ဖြတ်တဲ့အချိန်မှာ ရှေ့ကစစ်ကားတွေက ရပ်ပြီးတော့ ရှေ့မှာမိုင်းတွေ့တယ် ဆက်သွားလို့ မရတော့ဘူးဆိုပြီး ပြောလာတယ်။

ကျနော်တို့က ရှေ့ဆက်သွားရမလား နောက်ပြန်ဆုတ်ရမလားလို့မေးတော့ ဗျူဟာက ရှေ့ဆက်မသွားနဲ့တော့ နောက်ပြန်ဆုတ်ဆိုလို့ ကျနော်တို့ နောက်ပြန်ဆုတ်လာတယ်။ လောလောဆယ်မှာ မောင်တောမြောက်ပိုင်းနဲ့ တောင်ပိုင်းစွန်း ကျောက်ပန္ဒဘက်ကို ကယ်ဆယ်ရေး အဖွဲ့တွေ မရောက်နိုင်သေးဘူး။ စစ်တပ်က လုံခြုံရေးပေးမှ သွားနိုင်တယ်။ အခုတော့ မြို့ပေါ်ကယ်ဆယ်ရေး စခန်းတွေမှာပဲ ကူညီနေရတဲ့ သဘောမှာရှိတယ်။ မြောက်ပိုင်းကဆိုရင် ငါးခူရ၊ မင်းကြီး၊ ကြိမ်ချောင်ဘက်က ဒေသခံတွေက သူတို့ကို ကယ်ထုတ်ဖို့ လှမ်းပြောနေကြတာ ရှိပါတယ်။” ဟု ပြောသည်။

မိုင်းတွေ့သဖြင့် ပြန်လှည့်လာရသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များမှာ သင်္ဂဟကမ်းလက် ရက္ခိတ အဖွဲ့၊ ဝေဠုကျော် ဖောင်ဒေးရှင်းနှင့် ဦးနေမျိုးဇင်တို့ ပါဝင်ကြောင်း သင်္ဂဟကမ်းလက် ရက္ခိတ အဖွဲ့မှ ကိုအမ်းသားကြီး၏ ပြောကြားချက်အရ သိရသည်။

=======================

Eleven Media Group

Written by admin

Leave a Comment

Your email address will not be published. Required fields are marked *