အခု အချိန်မှာတော့ အောင်မြင်တဲ့ ရုပ်ရှင်ဒါရိုက်တာ အဖြစ် ရပ်တည်နေပြီ ဖြစ်တဲ့ ကိုပေါက်က အခုလို ပဲ သူ့ရဲ့ ခက်ခဲ ပင်ပန်းလှတဲ့ အနုပညာခရီးလမ်းကို ပြောပြခဲ့ပါတယ်။ ဒီစာစုလေးကိုတော့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ မျှဝေထားတာ ဖြစ်လို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီအကြောင်းအရာတွေကိုတော့ သူက အခန်းဆက်နဲ့ အားလုံးကို ပြောပြနေတာပဲ ဖြစ်ပါတယ်။”ရင်ထဲမှာလန့်သွားပြီး အသံလာရာကိုကျွန်တော်လှည့်ကြည့်လိုက်တယ်။
တံခါးက တစ်ထွှာလောက်ပွင့်နေပါပြီ။ သူကျွန်တော့ကို အဝေးလှမ်းကြည့်နေတယ်။ပြီးတော့ ထွက်သွားတယ်။ အရင်က ကျွန်တော်ပြန်လာရင် ကျွန်တော့ခြေထောက်နားလာပွတ်ပြီ အစာတောင်းနေကြ ကြောင်။ ကျွန်တော့ကိုရင်တုန်အောင်လုပ်တဲ့အထဲမှာလည်းသူပါခဲ့တယ်။အဲ့ဒီလိုနဲ့ ခက်ခဲတဲ့နေ့တွေကို ဖြတ်သန်းရင်း သူငယ်ချင်း ရစ်သန်(ရာဇဝင်မင်းသား မင်းကို) က သီချင်းvcd ရိုက်ရမယ်တဲ့။ အလုပ်ပြန်ရတော့မယ်ဆိုတော့ ပျော်ပြီလေ။ ပျော်လို့မဆုံးခင်မှာပဲ ပိုက်ဆံကပေးသလောက်ပဲရမှာနော်တဲ့။ကဲ ဘာပဲ ဖြစ်ဖြစ် အလုပ်မရှိဖြစ်နေတာကနေ ပိုက်ဆံမရတဲ့အလုပ်ရတော့လည်းလုပ်မယ်။ရှူ တင်ထမင်းတော့ စားရမှာပဲဆို ပြီး လက်ခံလိုက်တယ်။
ဒါရိုက်တာက လှကျော်နေ။ ရိုက်ရမယ့် အဆိုတော်တွေက အောင်သူ အနိုင် မင်းအောင် တို့သီချင်းတွေကိုရိုက်ရမှာ။ မနက် ၆ နာရီလာခေါ်မယ်တဲ့။ အစောကြီးဘာလုပ်မလို့လဲလို့မေးလိုက်တော့ ၁ ရက်ကို စီးရီး၁ ခွေရိုက်တာတဲ့။ အမလေးလေး လန့်သွားတယ်။ အဝတ်အစား ၄ ၅ စုံထည့်ခဲ့ရမယ်ဆိုတော့ရှိတာလေးတွေ ကောက်ထည့်ပြီး မနက်စောစောစောင့်ခဲ့ရတာပေါ့။ လှော်ကားမှာရိုက်တယ်။
သီချင်းဖွင့်ပေးထားတယ်။တောင်ပြေးမြောက်ပြေး ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး ဟိုသစ်ပင်ကိုင် ဒီသစ်ပင်ကိုင်။ ဟိုနား ခဲနဲ့ပစ် ဒီနားခဲနဲ့ပစ် နဲ့ တစ်နေ့လုံးရိုက်ရတယ်။ရှုတင်ထမင်းစားရတယ်။ရှုတင်ထမင်းနဲ့ဝေးနေတာကြာတော့ အလွမ်းပြေ အားရပါးရစားဖြစ်ခဲ့တယ်။ ညနေရှုတင်ပြီးတော့ သရုပ်ဆောင်ကြေးကမရဘူး ။မနက်ဖြန်ပါသေးတယ်။ မနက်ဖြန်မှပေါင်းယူရမယ်တဲ့။ ဘာပဲ ဖြစ်ဖြစ်မနက်ဖြန်အတွက်ပါ အလုပ်က ရှိသေးတယ်ဆိုတော့ လည်း ရပါတယ်ပေါ့။နောက်နေ့ သံလျှင်ဘက်မှာ မနေ့ကလိုပဲ မနက်စောစောထ ရိုက်ရတယ်။ ညနေရှုတင်ပြီးတော့ ၃၀၀၀ လာပေးတယ်။ ၂ ရက်စာကို ၃၀၀၀ ပေးတာ။
ထပ်လိုချင်ပေမယ့် မရခဲ့ဘူး။ ဘာပဲ ဖြစ်ဖြစ် အလုပ်ခေါ်ပေးတဲ့ သူငယ်ချင်း ကြောင့် ပိုက်ဆံလေးရပြီး ဝမ်းဝ ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ရှုတင်တွေနဲ့ဝေးသွားပြန်တယ်။ ဒီလိုနဲ့ ကိုရစ်သန်နဲ့တွဲမိပြီး သူဌေးဖြစ်ဖို့မျှော်လင့်ချက်တွေရှိတဲ့ လမ်းစတစ်ခုဆိုပြီး သတင်းတစ်ခု ကိုရစ်သန်က သယ်ဆောင်လာတယ်။ ဘာလဲဆိုတော့ မိုးကြိုးသွားဝယ်မယ့် ဝယ်လက် ရှိတယ်။လိုက်ရှာရမယ်။ အရောင်းအဝယ်ဖြစ်ရင် သိန်း ၄၀၀၀ နဲ့ဖြစ်မယ်တဲ့။ ပွဲ ဖြစ်ရင် ပွဲခက သိန်း၄၀၀ လောက်ရမယ်တဲ့။အားရစရာပွဲခ ပါပဲ။ ထမင်းငတ်ပြီးဘဝပျက်နေတဲ့ အဖြစ်ကနေကျွတ်ဖို့လမ်းစ ပဲဆိုပြီး ဘာမှန်းတိတိပပ မသိတဲ့ မိုးကြိုးသွားနောက်လိုက်ရာကနေ ရေဆင် ကျောက်လက်ဝါး ဝက်မာန်စွယ် ငုံးမဒ္ဓေ တွေပါ ပါလာတော့တယ်။
ရှာလိုက်ရတဲ့နေရာ သွားလိုက်ရတဲ့ဒေသ တွေ့ခဲ့ရတဲ့ ပစ္စည်းတွေနဲ့ စစ်မစစ် စမ်းရတာတွေ၊ ငွေတင်ရတာတွေ၊ ကောက်စားသွားတာတွေ ဘိုးတော်တွေ ဆရာတွေ စုံလို့ပါပဲ။ ဘာမှလဲမဟုတ်ပဲ အလိမ်ခံရတာသာအဖတ်တင်ပြီး “ဖွတ်မရ ဓားမဆုံး” တွေများလာတယ်။လောဘနောက် တကောက်ကောက်လိုက်လို့ လမ်းမှားတွေထဲ ထပ်လျှောက်မိပြန်တယ်။ မိုးကြိုးသွားအစစ်လဲဘယ်သူမှမမြင်ဖူးဘူး။
ဝက်မာန်စွယ်အစွမ်းလဲ ဂဃနဏမသိကြပဲ “စားလိုက်ပြီ စားလိုက်ပြီ “ဆိုပြီးပါသွားတဲ့ပိုက်ဆံတွေနဲ့ အချိန်တွေက မနည်းဘူး။တစ်ရက်သား ငုံးမဒ္ဓေအစစ်ရပြီဆိုတော့ အိပ်မက်ထဲမှာထောပြီပေါ့။ သူငယ်ချင်း၂ယောက် ပွဲခတွေကြို တွက်ပြီး စိတ်ကူးနဲ့ရူးနေပြီ။အဲ့ဒါနဲ့ သေနတ်ပြီးတယ်ဆိုတဲ့ငုံးမဒ္ဓေကိုမင်္ဂလာဒုံစစ်တပ်ထဲသွားပြီး သေနတ်နဲတေ့ပစ်ပြီး အစစ်ခံလိုက်တာ သေနတ်ပြီးတယ်ဆိုတဲ့ ငုံးမဒ္ဓေဘယ်ရောက်သွားမှန်းတောင်မသိပါဘူး။ နောက်ဆုံး ပိုက်ဆံမရှိရတဲ့ကြားထဲ အကြွေးတွေနဲ့ အဆုံးသတ်ပြီးရပ်လိုက်ရတယ်။
အလုပ်မရှိလို့ကားမရိုက်ရတာ၊ကားမရိုက်ရလို့ ပိုက်ဆံမရှိတာ ၁ နှစ်လောက်ဖြစ် သွားခဲ့တယ်။တစ်ချို့ နေ့တွေတော့ အုတ်ကျင်းက အစ်မအိမ်ပြန်ရင် အကြော်အလှော်နဲ့ ပိုက်ဆံနည်းနည်းရတယ်။ ဘာအလုပ်မှမရှိ ဘာပိုက်ဆံမှမရှိဘဲ ၁ နှစ်လောက် ပေတေပြီးခံနိုင်ဖို့က တော်ရုံ စကေးနဲ့တော့မရဘူးထင်ပါတယ်။ တစ်ရပ်သား မျှော်လင့်ချက်ရောင်နီလေးသန်းလာခဲ့တယ်။
သန်းလာတဲ့ရောင်နီကိုမြင်ရဖို့ ကျွန်တော်စောင့် နေခဲ့တာကြာပါပြီ။ မဏိရွှေစင်ထုပ်လုပ်ရေးက မန်နေဂျာက ကားရိုက်လှမ်းချိတ်တယ်။ Day-Labourer ရိုက်ရမယ်တဲ့။ တစ်ရက်စာ 2 scene ပဲရိုက်ရမယ်။ ဒါရိုက်တာက ကျော်ဇောလင်း မင်းသားက ဝေဠု ကျော် ထွန်းအိန္ဒြာဗိုလ် မိုးပြည့်ပြည့်မောင်။ကျွန်တော်က ဆံပင်ရှည်ရှည် 925 တွေ ကန်ထရီးဒေါက်တွေနဲ့ဆိုတော့ တေးရေး ဆရာအဖြစ် ကိုဝေလု ကခေါ်ခိုင်းလိုက်လို့ဆိုပြီးမန်နေဂျာဖုန်းဆက်တာ။ ဒါရိုက်တာကျော်ဇောလင်း ကိုကြားဖူးနေပေမယ့် အခုမှမြင်ဖူးတယ်။ ရိုက်ကွင်းအိမ်က သုဝဏဘောလုံးကွင်းနားက သုမင်္ဂလာလမ်း ဒေါ်ညို တိုက်မှာရိုက်တာ။ ဒါရိုက်တာကျော်ဇောလင်းနဲ့ခင်ရဖို့နေနေသာသာ အနားတောင်မကပ်ရဲခဲ့ဖူး။
နေ့စားရိုက်တာ ၈၀၀၀ ရတယ်။ အလုပ်ခေါ်ပေးတဲ့ ကိုဝေ ကျေးဇူးပါ။ အဆင်ပြေနေတဲ့အချိန်မှာ စားကောင်းသောက်ဖွယ်တွေကျွေးတာမသိသာပေမယ့် ဒုက္ခရောက်နေချိန်ကျွေးတဲ့ မုန့်ဟင်းခါးတစ်ပွဲက မှတ်မှတ်ရရရှိနေတတ်ပါတယ်။ ထပ်ပြီးကံကောင်းတာက မနက်ဖြန်အသစ်ရိုက်မယ့်နောက်ဇာတ်ကားအတွက်လည်း မန်နေဂျာက ထပ်ချိတ်ပါတယ်။ ဒါရိုက်တာက ကိုမျိုးထူး။ မင်းသားက ကိုဝေလုပါပဲ။
ကိုမျိုးထူးနဲ့နောက်တစ်ကားရိုက်တော့ နည်းနည်းခင်သွားတယ်။ကျွန်တော့ ဖြတ်သန်းမှု့တစ်ချို့ လည်းသိသွားတော့ ကိုမျိုးထူးက ကားရိုက်တွေဆက်တိုက်ခေါ်တယ်။ အလုပ်တွေဆက်တိုက်ပြန်လုပ်ဖြစ်တယ်။ ပိုက်ဆံတွေလည်း ရလာတယ်။ ကိုမျိုးထူးကလည်း ကျွန်တော်ကျေးဇူးတင်ရမယ့်သူထဲက တစ်ယောက်ပါ။ကျေးဇူးပါ ကိုမျိုးထူးရေ။ မတွေ့ဖြစ်တာကြာပေမယ့် အမြဲသတိရပါတယ်နော်။ကိုမျိုးထူးကားတွေရိုက်ရင်း ကရင်မ ဆိုတဲ့သူငယ်ချင်းနဲ့ခင်ခဲ့တယ်။တွဲခဲ့တယ်။ ကိုမျိုးထူးနဲ့ရိုက်ရင်း ပိုင်ဇေရဲထွန်းနဲ့ခင်တယ်။ ပိုင်ဇေကိုမျက်ချယ်က ကား ၈၀ စာချူ ပ်ချူပ် ထာတဲ့အချိန်ပေါ့။
အဲ့ဒီအချိန်မှာ ကျွန်တော်က ဖူးမောက်ခြံကိုခွာလို့ သူငယ်ချင်းတစ်ယောက်နဲ့ တာမွေဈေးနားက ခိုင်နှင်းဝေအိမ်အပေါ်ထပ်မှာ ငှားနေနိုင်ခဲ့ပြီ။ ရွှေလက်စွပ် မောင်းကွင်းလေးတွေတောင်ဝယ် စုနိုင်ခဲ့ပါပြီ။ ကိုယ်ပိုင်ချွေးနည်းစာနဲ့ ရွှေတိုငွေစလေးတွေ ကိုယ်ပေါ်တင်နိုင်ခဲ့ပါပြီ။ သိပ်ပြီးပိုပိုလျှံလျှံ ဖြစ်လို့တော့ မဟုတ်ပါဘူး။ အရင်လိုထမင်းငတ်ရင် စုဆောင်းထားတာလေးထုခွဲရောင်းချ လို့ရအောင်ပါ။ ခိုင်နှင်းဝေအိမ်အပေါ်ထပ်မှာ စပ်တူငှားနေတဲ့ သူငယ်ချင်းနာမည်က ဗုန်းကြီးတဲ့။ ပျော်ဘွယ်သားပဲ။သူ့ညီတစ်ယောက်လည်းရှိတယ်။အဲ့ဒီအနားမှာမင်းသမီးပန်းဖြူအိမ်လည်းရှိတယ်။ရှုတင်ပြီးတဲ့နေ့ဆိုရင် ကိုမျိုးထူးနဲ့ကရင်မ ကကျွန်တော့အခန်းကို မကြာမကြာလာလာလည်တတ်တယ်။
ပြီးရင် ကလပ်သွားတယ်။၁၉ လမ်းသွားတယ်။ အနှိပ်ခန်းတွေသွားကြတယ်။
ကိုမျိုးထူးကားတွေမှာပိုင်ဇေနဲ့ရိုက်ရင်း ပိုင်ဇေက ကျွန်တော့ကိုခင်တော့ သူ့ရဲ့ မဟာဗန္ဒု လ လမ်းက အိမ်ကိုလိုက်အိပ်ပြီး ဇာတ်ရေးဖို့ခေါ်တဟ်။အဲ့ဒီအချိန်က အခုမန်နေဂျာ ကိုဆောင်းဦးကပိုင်ဇေကားမောင်းတာ။ နယ်တွေမှာ ပိုင်ဇေ သီချင်းသွားဆိုရင် ကျွန်တော်က အဖော်လိုက်ရတယ်။ ပိုင်ဇေရဲထွန်း ပိုင်ဇေရဲထွန်း ဆိုပြီးနာမည်ကြီး နေတဲ့အချိန် သဲတောဝမ်းတွင်းမှာ ပိုင်ဇေသီချင်းသွားဆိုတော့ ပရိသတ်အမျိုးသမီးတောသူတွေက ပိုင်ဇေနဲ့တွေ့ချင်တော့ကျွန်တော့ကိုခွင့်တောင်းရတယ်။ကျွန်တော်က ပိုင်ဇေ့PAပေါ့။ ပိုင်ဇေနဲ့ပေးတွေ့တော့ သဲတောဝမ်းတွင်းသူ တွေဘယ်လောက်ရိုးတယ်မှတ်လဲ။ ပိုင်ဇေရဲထွန်းအသားလေးကိုင်ကြည့်ချင်လို့ပါ ဆိုပြီး မျက်နှာကိုတဖက်လှည့်လိုက်ပြီး ပိုင်ဇေ့လက်ကို ကိုင်ကြည့်တယ်။ မျက်နှာကိုတဖက်လှည့်ရတာက မသိတဲ့ယောက်ျားတစ်ယောက်ရဲ့အသားကို ကိုင်ရပေမယ့် ရှက်နေတဲ့သဘောပါ။ အသားလေးက နူးအိနေတာပဲတဲ့။ အော် ဟင်းချက်ထားတယ်များမှတ်နေလားမသိ၊အဲ့ဒီလိုကျေးလက်အညာက ရိုးသားတဲ့တောသူတွေကို ကျွန်တော်တွေ့ခဲ့ဖူးပါတယ်။ (အိုအေစစ်က မဂျူ လိုင်မိုးရဲ့အမျိုးသား ကိုစောနဲ့ အဲ့သည်တုန်းက တွေ့ခဲ့ ခင်ခဲ့ကြတယ်)
ပြီးတော့ ပိုင်ဇေက ကြက်တိုက် ကြက်မွေး ဝါသနာပါတယ်။ဘောလုံးကန်ကောင်းပြီး မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒို ကစားသမား။ကိုရဲထွဠ်ဆိုတာ အဲ့ကတည်းကခင်ခဲ့တာ။ ပိုင်ဇေက တိုက်ကြက်တွေကို ဟိုလူ့ဆီ တစ်ကောင် ဒီလူ့ဆီတစ်ကောင်ပေးပြီး မွေးခိုင်းထားတတ်တယ်။ တစ်ချို့ ရက်တွေ ရှုတင်အားရင် ပိုင်ဇေက သူတိုက်ချင်တဲ့အချိန် သူ့ကြက်တွေကိုခေါ်ပြီးတိုက်တတ်တယ်။ကျွန်တော့ရဲ့တာမွေက ခိုင်နှင်းဝေအိမ်အပေါ်ထပ်ဟာ ပိုင်ဇေ့ရဲ့ကြက်တိုက်ကွင်း တစ်ခုလည်းဖြစ်ခဲ့ဖူးပါတယ်။ပိုင်ဇေ့ဘေးနေပြီး ဇာတ်တွေဖတ်ပေး၊ ဇာတ်တွေရေးပေးရင်း သူတိုက်တဲ့ BEတွေလည်းသောက်ခဲ့ဖူးတယ်။
သူက BE ကြိုက်တဲ့မင်းသားပါ။သူအိမ်မှာအတူစား အတူတူသွား ဘောလုံးပွဲအတူတူကြည့် ကားအတူတူရိုက်နဲ့ ညီအစ်ကိုလိုနေခဲ့ကြတယ်။ သူနဲ့ကျွန်တော် ဇာတ်လမ်းတစ်ခုကိုအတူတူ ဇာတ်စားခဲ့ကြတယ်။ ဒိုးလုံးရဲ့ ချစ်ဦးမေ ဆိုတဲ့သီချင်းကို အခြေခြံပြီး သူက မင်းသားမင်းသမီးက မျိုးစန္ဒီကျော်ကျွန်တော်က ဒါရိုက်တာလုပ်ပြီးရိုက်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ရေးခဲ့ကြတယ်။ ကျွန်တော့်ကိုဒါရိုက်တာရိုက်လို့ရအောင် မျက်ခြယ်မှာသူကပြောထားပေးတယ်။ အဲ့ဒီအချိန်ကျတော့ ကျွန်တော်က ဒါရိုက်တာရိုက်ချင်တဲ့စိတ်တွေ ပေါက်ဖွားနေပါပြီ။ဒါပေမယ့် ပိုင်ဇေနဲ့ရိုက်ဖို့ရေးပေးခဲ့တဲ့ အချစ်ဇာတ်လမ်းလေးကို မျက်ခြယ်က ကျွန်တော့ကိုဒါရိုက်တာအဖြစ် ပေးမရိုက်ဖြစ်ခဲ့ပါဘူး။(နောက်ပိုင်း ဒါရိုက်တာဖြစ်ပြီး မဟော်ဂနီထုပ်လုပ်ရေးကနေ မြင့်မြတ် နဲ့ ချစ်သုဝေ ကိုရိုက်ခဲ့တဲ့ #တစ်ခါက မိုးညများမှာ” ဇာတ်ကားဟာ ပိုင်ဇေနဲ့မရိုက်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးပါပဲ။)
တစ်ရက်သား ပိုင်ဇေ့အိမ်မှာ သူမွေးထားတဲ့ကြက်သမားတွေ ခေါ်ပြီးသူတို့အိမ်ဝင်းထဲမှာကြက်တိုက်ဖို့ချိန်းတယ်။ကြက်မွေးပေးတဲ့လူတစ်ယောက်က ခြေထောက်သိပ်မသန်တော့ လမ်းလျှောက်ရင် နည်းနည်းဟန်ချက်မညီဘူးပေါ့။ လူစုံတော့ကြက်တိုက်ကြတယ်။သိပ်မကြာလိုက်ပါဘူး။ ပိုင်ဇေ့အမေ အိမ်ပေါ်ကဆင်းလာပြီး “အခုရပ် အခုချက်ခြင်းရပ် အကုန်လုံးရဲတိုင်မယ်” ဆိုတော့ ပြေးရပြီလေ။ခြေမသန်တဲ့လူများ ကြက်ကိုပိုက်ပြီး ဝန်းနံရံကျော်တက်ပြီးပြေးသွားလိုက်တာများ ကိုယ်တွေတောင်မမှီလိုက်ဘူး။ပိုင်ဇေတို့များ ဝါသနာဘဟ်လောက်ထုံသလဲဆိုရင် အားမရလို့ ကျွန်တော့အိမ်ကိုလိုက်တိုက်တယ်။
ကျွန်တော့ အခန်းကြမ်းပြင်က လျှာထိုးခင်းဆို တော့ ကြက်တွေ အပြိုင်ခွပ်ဖို့ မြေကြီးလိုကုတ်အားမရှိတော့ တပိုင်းပိုင်းချော်လဲနေတာပေါ့။ ပျော်ဖို့လည်းကောင်းခဲ့တယ်။ကျွန်တော်ကြိုက်တဲ့ ၃၆ လမ်းကြေးအိုးဘုရင် လည်းခဏ ခဏသွားစားလို့ခဲ့ပြီ။ ရွှေပုဇွန်က ဖာလူဒါလည်းဝယ်သောက်နိုင်ခဲ့ပါပြီ။ကျွန်တော့အခန်းမှာ စားကြ သောက်ကြ ဖဲတွေရိုက်ကြ ဒါရိုက်တာဖြစ်ရင် ရိုက်ချင်တဲ့ ဇာတ်ကားအကြောင်းတွေပြောကြနဲ့ အဲ့ဒီအချိန်မှာ ကျွန်တော့ဘဝက လွမ်းမောစရာတွေ ဒုက္ခတွေ ပူပန်ကြောင့်ကျ မှုတွေမရှိတော့ပဲ ပျော်စရာတွေအပြည့်နဲ့ တစ်ခါက ကျွန်တော်လျှောက်ခဲ့တဲ့ ရန်ကုန်လမ်း တွေဟာ လှချင်တိုင်းကို လှနေပါတော့တယ်။”
Share From nanmalgyi