အဖြူရောင်ဆေးသင်္ကန်းဖြင့် ကြည်ညိုနိုင်ပြီ ကောင်းမှုတော်စေတီ ….

စစ်ကိုင်းမြို့သူ မြို့သားများ ရင်ထဲတွင် စူးဝင်နေသော စူးနှစ် ချောင်းအနက် တစ်ချောင်းကို စုပေါင်းအားဖြင့် နုတ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။

အဆိုပါ စူးနှစ်ချောင်းမှာ စစ်ကိုင်းမြို့၏ အထင်ကရကောင်း မှုတော်စေတီကို ရွှေသင်္ကန်းကပ် လှူခဲ့ခြင်းနှင့် စစ်ကိုင်း၌ရှိသော တိုင်းအဆင့်ရှိ ရုံးများကို မုံရွာမြို့သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်တော့ ကောင်း မှုတော်စေတီကို မူလအတိုင်း အဖြူရောင် ဆေးသင်္ကန်းဖြင့် ပြန် လည်ဖူးမြော်ရတော့မည်ဖြစ်ပြီး အဖြူရောင်ဆေးသင်္ကန်းကပ်လှူ ခြင်း ဖွင့်ပွဲအခမ်းအနားကိုလည်း ယနေ့ တပေါင်းလပြည့်နေ့ (မတ် လ ၂၀ ရက်) တွင် ကျင်းပမည် ဖြစ်သည်။

‘‘ကျွန်တော်တို့တွေ ထုံး သင်္ကန်းနဲ့ပဲ ဖြစ်စေချင်ခဲ့တာကို ကျွန်တော်တို့ ပြန်လုပ်ယူနိုင်ခဲ့တဲ့ အတွက် ၀မ်းသာ ဂုဏ်ယူရတယ်’’ဟု စစ်ကိုင်းမြို့ ဒေသခံဦးရဲထက် ဇော်က ပြောသည်။ ရာဇမဏိစူဠာ ကောင်းမှု တော်စေတီသည် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ငါးမိုင်ခန့် အကွာတွင် တည်ရှိပြီး သာလွန် မင်းတရားကြီးက မြန်မာနှစ် ၉၉၈ ခုနှစ် (ခရစ် ၁၆၃၆ နှစ်) တော်သ လင်းလဆန်း ၁၀ ရက်တွင် စတင် ပန္နက်ချတည်ထားကာ စေတီအ မြင့် ၁၈၈ ပေနှင့် စေတီလုံးပတ် ပေ ၈၈၀ နှင့် ၉ လက်မ ရှိသည်။

တည်ထားစဉ်က စတင်၍ နှစ်ပေါင်း ၃၇၀ ကျော်ကြာ ထုံးသင်္ကန်းဖြင့် တည်ရှိခဲ့ရာက စစ်အစိုးရလက်ထက် ၂၀၁၀ တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စေတီတော်သို့ လာရောက်ဖူးမြော်ပြီးမကြာမီ မူလအဖြူရောင် ထုံးသင်္ကန်းမှရွှေသင်္ကန်းသို့ ပြောင်းလဲကပ်လှူခဲ့သည်။ယင်းသို့ ရွှေသင်္ကန်းကပ်လှူ မှုကို စစ်ကိုင်းမြို့သူ၊ မြို့သားများ အပါအ၀င် အနယ်နယ် အရပ်ရပ် ရှိ လူအများစုက ကြိုက်နှစ်သက် မှုမရှိကြောင်း ဆိုကြသည်။

ပြည်သူများ၏ သဘောဆန္ဒ မပါဘဲ ရွှေသင်္ကန်းပြောင်းလဲ ကပ်လှူခြင်းနှင့် ပတ်သက်၍ မူလ အတိုင်း ထုံးသင်္ကန်းပြန်လည် ကပ်လှူပေးရန် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အစိုးရလက်ထက် တွင် ဒေသခံများက တွင်တွင် ကျယ်ကျယ် တောင်းဆိုခဲ့သည်။၂၀၁၈ ဇန်န၀ါရီက စစ်ကိုင်းမြို့မိ မြို့ဖ အဖွဲ့ကဦးဆောင်ကာ ကောင်းမှုတော်စေတီ ထုံးသင်္ကန်းပြန်လည်ကပ်လှူရေး သဘောတူလက်မှတ်များ ကောက်ခံခဲ့ပြီး ကောက်ခံရရှိသော လက်မှတ်၈,၀၀၀ ကျော်ကို တိုင်းဒေသကြီးအစိုးရနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြခဲ့ သည်။

ကောင်းမှုတော်စေတီကို မူလအတိုင်းအဖြူရောင် ထုံး သင်္ကန်းပြန်လည် ကပ်လှူရန်ဂေါ ပကအဖွဲ့သို့ တိုင်းအစိုးရက ၂၀၁၈ စက်တင်ဘာ ၃၀ ရက်တွင် ညွှန်ကြားခဲ့သည်။ ထိုကဲ့သို့ မညွှန် ကြားမီ ၂၀၀၄ က စတင်ကာ တာ ၀န်ယူခဲ့သော ကောင်းမှုတော်စေ တီ ဂေါပကအဖွဲ့ကိုလည်း ဖျက် သိမ်းပြီး အသစ်ပြန်လည်ရွေးချယ် တင်မြှောက်ခဲ့သည်။ဂေါပကအဖွဲ့သစ် စတင် တာဝန်ယူပြီး မကြာမီ ကောင်းမှုတော်စေတီအား ထုံးသင်္ကန်း ကပ်လှူခြင်းကို ဦးဆောင်ပြုလုပ် ပေးပါရန် သီတဂူဆရာတော်အား လျှောက်ထားခဲ့သည်။

ထို့ကြောင့် သီတဂူဆရာ တော်ဦးဆောင်သော ပြည်တွင်း ပညာရှင်များဖြင့် ကောင်းမှုတော် စေတီကို ထုံးကဲ့သို့ ပြည်ပနိုင်ငံ ထုတ် အဖြူရောင်ဆေးသင်္ကန်း ကပ်လှူရန် ဆုံးဖြတ်ခဲ့ကြသည်။ ထုံးသင်္ကန်းကပ်လှူပါက တစ်နှစ် တစ်ကြိမ် ကပ်လှူရမည်ဖြစ်ပြီး ပြည် ပနိုင်ငံထုတ် အဖြူရောင်ဆေး သင်္ကန်းမှာ အနည်းဆုံး ၁၀ နှစ်ခန့် ခံမည်ဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးတင်မျိုးလွင်က ပြောသည်။ထိုကဲ့သို့ ကောင်းမှုတော်စေ တီအား ပြည်ပနိုင်ငံထုတ် အဖြူ ရောင်ဆေးသင်္ကန်း ကပ်လှူရန် ဆောင်ရွက်မှုကို ထုံးသင်္ကန်းပြန် လည်ကပ်လှူရေး တောင်းဆိုခဲ့ သော ဒေသခံများက ဝေဖန်ပြော ကြားမှုမျိုး မရှိခဲ့ပေ။

‘‘ ကောင်းမှုတော်ကို အဖြူ ရောင်နဲ့ပဲ ဖူးမြော်ချင်တာ။ ထုံး ဖြစ်ဖြစ်၊ နိုင်ငံခြားဆေးဖြစ်ဖြစ် အဲဒါက ပြဿနာမရှိပါဘူး’’ဟု စစ်ကိုင်းမြို့ဒေသခံ ဦးပြည့်ဖြိုး အောင်က ပြောသည်။ထို့ကြောင့် ကောင်းမှုတော် စေတီကို ပြည်ပနိုင်ငံထုတ်အဖြူ ရောင် ဆေးသင်္ကန်း ပြန်လည်ကပ် လှူရေး တင်ဒါခေါ်ယူပြီး ၂၀၁၈ ဒီဇင်ဘာ ၁၂ ရက်မကစတင်ကာ လုပ်ငန်းဆောင်ရွက်ခဲ့သည်။

ရွှေဆေးများကို ပြန်လည် ခွာယူခြင်း၊ အတွင်းအင်္ဂတေ မကောင်းသော နေရာများကို ခွာ ယူခြင်း၊ အက်ကြောင်းများကို ပြုပြင်ခြင်းနှင့် အဖြူရောင်ဆေး သင်္ကန်းကပ်လှူရန် အဆင့်ဆင့် ဆောင်ရွက်ခြင်းတို့ကို သီတဂူ ဆရာတော်က ဆရာတော်၏မွေး နေ့ တပေါင်းလပြည့်နေ့ မတိုင်မီ အပြီးသတ်ဆောင်ရွက်ရန် သက် ဆိုင်ရာ ကုမ္ပဏီကို မိန့်ကြားခဲ့ သည်။အဖြူရောင်ဆေးသင်္ကန်း ကပ်လှူရေးလုပ်ဆောင်မှုမှာ ကျပ် သိန်း ၄,၀၀၀ ကျော် ကုန်ကျခဲ့ ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးတင် မျိုးလွင်က ပြောသည်။ သို့သော် အဖြူရောင်ဆေးသင်္ကန်းကပ်လှူ ရန် အများပြည်သူလှူဒါန်းမှု ရရှိ ငွေမှာလည်း ကျပ်သိန်း ၃,၈၀၀ ကျော်ထိရှိခဲ့၍ ဘုရားဘဏ္ဍာငွေထဲမှ စိုက်ထုတ်ခဲ့ရမှုနည်းပါးကြောင်း ဂေါပကအဖွဲ့က ပြောသည်။

ယခင်စစ်အစိုးရလက်ထက် ရွှေသင်္ကန်းကပ်လှူရန် လုပ် ဆောင်မှုမှာလည်း အလှူငွေကျပ် သိန်း ၇,၀၀၀ ကျော်ရရှိခဲ့ပြီး ရွှေ သင်္ကန်းကပ်လှူမှု ကုန်ကျငွေမှာ လည်း ထိုခေတ်ကာလ ကျပ်သိန်း ၃,၅၀၀ ခန့်ရှိခဲ့ကြောင်း ဂေါပက ဟောင်းက ပြောကြားထားသည်။ရွှေဆေးသင်္ကန်းသည် ကောင်း မှုတော်စေတီ၏ လေ၀င်လေထွက်ပေါက်များကို ပိတ်စေခြင်း၊ အခိုးအငွေ့များ အပြင်သို့မထွက်ခြင်းကြောင့် အတွင်းအင်္ဂတေများ ဖောင်းကြွခြင်း၊ ကွဲအက်ခြင်းများဖြစ်ပေါ်ခဲ့ပြီး လက်ရှိသုတ်ထားသော နိုင်ငံခြားဆေးမှာ ထိုကဲ့သို့မဖြစ်ပေါ်နိုင်ကြောင်း ဦးတင်မျိုးလွင်က ပြောသည်။

ထို့အပြင် ရွှေသင်္ကန်းများ ခွာယူရာတွင် ရရှိသော အင်္ဂတေ အပိုင်းအစများဖြင့် ကောင်းမှု တော်စေတီရံတစ်ဆူတည်ခြင်း နှင့် စေတီပရ၀ဏ်အတွင်း တည်ထားသော ဘုရားအချို့တွင် ညောင်ရမ်းခေတ်လက်ရာများ မဟုတ်သဖြင့် ညောင်ရမ်းခေတ်လက်ရာများအတိုင်း ပြင်ဆင်မည်ဟု သီတဂူဆရာတော်က မိန့်ကြားထားကြောင်း ဂေါပကအဖွဲ့က ပြောသည်။

အဖိတ်နေ့(မတ်လ ၁၉ ရက်)တွင် စစ်ကိုင်းတိုင်း အင်းတော်မြို့ ၌ ထုလုပ်ပြီးစီးခဲ့သော စည်တော်ကြီးကို ကောင်းမှုတော် စေတီတွင်ထားရှိကာ ဖွင့်ပွဲလုပ်ဆောင်ခဲ့သည်။အဆိုပါ စည်တော်ကြီးမှာ အလျား ၁၂၈ လက်မနှင့် အမြင့် ၆၄ လက်မရှိကာ ကျွဲသားရေ၊ နွားသားရေနှင့် ပြုလုပ်ပြီး ဗုဒ္ဓ၀င် ရုပ်လုံးရုပ်ကြွများဖြင့် ထွင်းထု ထားသည်။

တပေါင်းလပြည့်နေ့(ယနေ့) တွင် ကောင်းမှုတော်စေတီအဖြူ ရောင် ဆေးသင်္ကန်းကပ်လှူခြင်း ဖွင့်ပွဲ အခမ်းအနားပြုလုပ်မည် ဖြစ်သည်။သံဃာအပါး ၁,၀၀၀ ဖြင့် ဘုရားအနေကဇာတင်ခြင်း၊ ဆွမ်း ဆန်စိမ်းလောင်းလှူခြင်း၊ စတုဒိ သာကျွေးခြင်းများနှင့် ညပိုင်းတွင် တေးဂီတ၊ အငြိမ့်ဖျော်ဖြေပွဲများ ထည့်သွင်းပြီး စည်ကားစွာဖွင့်လှစ်မည် ဖြစ်သည်။

ထိုကဲ့သို့ အပြောင်းအလဲ ဆောင်ရွက်နိုင်ခဲ့၍ စစ်ကိုင်းသူ၊ စစ်ကိုင်းသားများက ဂုဏ်ယူလျက်ရှိသည်။‘ဒီစူးကိုတော့ ကျွန်တော်တို့ နုတ်ယူနိုင်ခဲ့ပါပြီ’’ဟု ကောင်းမှု တော်စေတီဂေါပကဥက္ကဋ္ဌ ဦးတင် မျိုးလွင်က ၀မ်းသာအားရ ပြော သည်။။
Crd 7Days