ဒီနှစ် အတာစားတဲ့ အင်္ဂါသားသမီးများ အတွက် အတာစားခြင်းအကျိုး အမျိုးမျိုး

အင်္ဂါ သားသမီးများအတွက် အတာစားခြင်းအကျိုး အမျိုးမျိုး

အတာစားခြင်း၏ အကျိုးကား… အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသား အမျိုးသမီးတို့သည်

အတာကမ္မံ ကရောန္တဿ မဟာဘောဂံ

မဟာသုခံ

မဟပ္ဖလံ

စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ ဟု ရှေးပညာရှိတို့ ရေးဖွဲ့ခဲ့သည်နှင့်အညီ ထိုကဲ့သို့ရတနာသုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသောသူတို့သည်ကောင်းကျိုးချမ်းသာမင်္ဂလာတရား ပြန့်ပွားတိုးတက် ပြည့်စုံကုန်ရာသည်ဟု မှတ်သားရဘူးပါတယ်။

အတာစားခြင်းသည် မြန်မာသက္ကရာဇ်နှစ်တစ်ခု၏ နောက်ဆုံးကျရောက်သောရက်၊ တစ်နည်းအားဖြင့် မဟာသင်္ကြန် အတက်နေ့နှင့်တိုက်ဆိုင်သော နေ့ဖွားများကို အတာစားသည်ဟု သတ်မှတ်ယူဆသည်။ သင်္ကြန်အကြိုနေ့တွင် ဘာဏုရာဇာခေါ် တနင်္ဂနွေဂြိုဟ်မင်း (သင်္ကြန်မင်း)ကို နေ့သားသမီးအားလုံးတို့မှ သင်္ကြန်ပန်းများဖြင့် ကြိုဆိုကြပြီး အတက်နေ့တွင် အခြားသောနေ့ဖွားများထက် ၄င်းအတက်နေ့နှင့်တိုက်ဆိုင်သော နေ့ဖွားများသည် တနင်္ဂနွေဂြိုဟ်မင်းကို ပြန်လည်ပို့ဆောင်ရန် အထူးတာဝန်ကျခြင်းကို အတာစား ခြင်းဟု ခေါ်ဆိုသတ် မှတ်ခြင်းဖြစ်သည်။

အတာစား ခြင်းသည် အကောင်းအဆိုး သတ်မှတ်ရာတွင် တနင်္ဂနွေဂြိုဟ်မင်းကို ပြန်လည်ပို့ဆောင်ရန် တာဝန်ကျေသူများသည် တစ်နှစ်တာအတွင်း အတာစားခြင်းအကျိုးတရားကို ခံစားကြရမည်ဟု ကျမ်းဂန်များတွင် ဆိုသည်။ တာဝန်ပျက်ကွက်သူများသည် အညံ့ရှိမည်ဟု ယူဆခဲ့ပုံရသည်။

ယခုနှစ် မဟာသင်္ကြန်အတက်ရက်၊ တစ်နည်းအားဖြင့် ၁၃၈၀ခုနှစ် နောက်ဆုံးရက်သည် ၁၆.၄.၂၀၁၉ ၊ အင်္ဂါနေ့ဖြစ်သည်။ ထို့ကြောင့် ယခုနှစ် အင်္ဂါနေ့ဖွားများသည် အတာစားပါသည်။

ထို့ကြောင့် ၁၆.၄.၂၀၁၉ -ရက်နေ့ မဟာသင်္ကြန်တက်ချိန်ဖြစ်သော ည ၉-နာရီ ၂၆-မိနစ် ၂၃-စက္ကန့်တွင် အင်္ဂါနေ့ဖွားများသည် ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီး သန့်ရှင်းသောအ၀တ်အစားကိုဝတ်ဆင်ပြီး ရတနာမြတ်သုံးပါး၊ မိဘ ဆရာသမားများကို ရည်မှန်း၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင်များ ဆပ်ကပ်လှူဒါန်းပြီး သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များအား အမျှပေးဝေပါ။

ပြီးနောက် ထိုနေ့၏ ဂြဟဇာပွင့်ရာအရပ်ဖြစ်သော အရှေ့တောင်အရပ်သို့ မျက်နှာမူပြီး တနင်္ဂနွေဂြိုဟ်မင်း(သင်္ကြန်မင်း) ကို မိမိတို့ပြုခဲ့သမျှ ကုသိုလ်ဒါနကို အမျှပေးဝေပြီး ပြန်လည်ပို့ဆောင်ပါကြောင်း မေတ္တာပို့ ပန်ကြားခြင်းဖြင့် အတာစားကုန်ရာသည်။

ဤသို့ အတာစားခြင်းကို ပြုလုပ်ခြင်းဖြင့် တစ်နှစ်တာအတွင်း ကံကောင်းခြင်း၊ လုပ်ကိုင်သမျှအောင်မြင်ခြင်း၊ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များ မစခြင်း ရှိမည်ဟု ဆိုထားချက်ရှိသည်။ အကယ်၍ ၄င်းနေ့များတွင် ပြန်လည်ပို့ဆောင်ရန် အဆင်မပြေသော အင်္ဂါနေ့ဖွားများသည် ၄င်းအတက်နေ့ တစ်ရက်တာအတွင်းတွင် သင်္ကြန်ထမင်းကို မိမိကိုယ်တိုင်လည်းစားသုံးမှုပြုပါ။သူတပါးအားလည်း ဒါနပြုခြင်းကုသိုလ်ပြုပါက အပြစ်လွတ်သည်ဟူ၏။#CRD