ပြုံးရွှင်က အပြင်မှာမြင်ဖူးတဲ့ လူတစ်ယောက်ရဲ့ကာရိုက်တာကို ဖန်တီးခဲ့တာပါဆိုတဲ့ အကြည်တော်

ပြုံးရွှင်က အပြင်မှာမြင်ဖူးတဲ့ လူတစ်ယောက်ရဲ့ကာရိုက်တာကို ဖန်တီးခဲ့တာပါဆိုတဲ့ အကြည်တော်

လတ်တလောမှာ “ ပြုံးရွှင်ရေ ပျော်ရဲ့လား “ ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရုံတင်ပြသနေပြီ ဖြစ်ပြီး နေတိုး ၊ အေးမြတ်သူ ၊ ရွှေမှုံရတီ နဲ့ ကျော်ကျော်ဗိုလ်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ် ။

ဒီဇာတ်ကားလေးက စာရေးဆရာအကြည်တော်ရဲ့ “ ပြုံးရွှင်သည် ငိုတတ်သည် “ ဆိုတဲ့ ဝတ္ထုကို “ ပြုံးရွှင်ရေ ပျော်ရဲ့လား “ ဆိုတဲ့နာမည်နဲ့ရုပ်ရှင်အဖြစ်ပြန်လည် အသက်သွင်းခဲ့တာပဲ ဖြစ်ပါတယ် ။ “ ပြုံးရွှင်သည် ငိုတတ်သည် “ ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်ကားအဖြစ် အသက်သွင်းဖို့ ကမ်းလှမ်းခဲ့သူတွေ ရှိခဲ့သလို လူရွှင်တော်ကြီးတွေလည်း ရိုက်ဖို့ကြိုးစားဖူးပေမယ့် မရိုက်ကူးဖြစ်ခဲ့ ဘူးလို့သိရပါတယ် ။ နောက်ဆုံး မှ ဒါရိုက်တာဝင်းထွန်းထွန်းက ရိုက်မယ်ဆိုလို့ သူ့ကိုပေးရိုက်ဖြစ်ခဲ့တာလို့ အကြည်တော်က ပြောပြခဲ့ပါတယ် ။

ရုပ်ရှင်နဲ့ ဝတ္ထုရဲ့ကွာခြားချက်ကတော့ ဝတ္ထုက ဆရာအကြည်တော်ရေးထားတာ အနည်းငယ်ရယ်ရပေမယ့် ရုပ်ရှင်အဖြစ်အသက်သွင်းတဲ့အခါမှာတော့ တစ်ကားလုံးဒရမ်မာ အဖြစ်ရိုက်ကူးသွားတယ်လို့သိရပါတယ် ။ ဆရာအကြည်တော်အနေနဲ့ ဟာသ တွေပဲရေးနေပေမယ့် ဒရမ်မာ စာအုပ်နှစ်အုပ်လောက်ရေးဖူးသလို ဇော်က ကနေသည် ကားနဲ့လည်း အကယ်ဒမီရရှိခဲ့ ပြီး ဒါကတော့ ဒုတိယမြောက် ဒရမ်မာဖြစ်ပြီး ရှေ့ကားလိုပဲ ဒီကားလဲ အကယ်ဒမီ ရနိုင်မယ်ထင်ပါတယ်လို့ သူ့ရဲ့အမြင်ကို ပြောပြသွားခဲ့ပါတယ် ။

ဆရာအကြည်တော်ဟာ မော်လမြိုင် ဇာတိဖြစ်ပြီး ငယ်စဉ်ကနေခဲ့တဲ့ ရပ်ကွက်က ဇာတ်ရပ်ကွက် ဖြစ်နေတဲ့အတွက် ဇာတ်သမားတွေရဲ့ အမူအကျင့်တွေ ဘဝတွေကို တော်တော်များများ နားလည်ပြီး လက်ပွန်းတတီး ရှိခဲ့တယ်လို့ဆိုပါတယ် ။ အဲဒါကြောင့် သူတို့ရဲ့ တကယ်ပိတ်ကားနောက်က ဘဝကို ဖန်တီးချင်တဲ့အပြင် သူတို့ဘဝလေးတွေကို သိစေချင်တဲ့အတွက် ဒီဝတ္ထုလေးကို ဖန်တီးဖြစ်ခဲ့တယ်လို့ သိရပါတယ် ။

ဖြစ်ရပ်မှန်ဆိုတာထက် တော်တော်များများက အဲဒီလိုဘဝတွေ နဲ့ ကျင်လည်နေကြတာ အရမ်းများတဲ့အတွက် လူရွှင်တော်တွေ ဆိုတာ စင်ပေါ်မှာ ပျော်နေတိုင်း အမြဲတမ်းပျော်တတ်တဲ့သူတွေတော့ မဟုတ်ဘူး သူတို့ဘဝမှာခက်ခဲကြမ်းတမ်းတဲ့ဟာတွေ အများကြီး ဆိုတာကို အဓိက ဇောင်ပေးချင်တာ ဖြစ်တယ်လို့ အကြည်တော်က ပြောပြခဲ့ပါတယ် ။

“ ပြုံးရွှင် ရဲ့ ကာရိုက်တာက ကျွန်တော် အပြင်မှာ မြင်ဖူးတဲ့ လူတစ်ယောက်ရဲ့ကာရိုက်တာပေါ့ အဲ့လိုကာရိုက်တာမျိုး ကျွန်တော်က ဖန်တီးထားတာ သူလဲ အဲ့လိုမျိုးပဲ ကလေးလေး တစ်ယောက်နဲ့ ဒုက္ခတွေရောက်နေတဲ့ လူတစ်ယောက် ပါ “ လို့ သူဖန်တီးထားတဲ့ကာရိုက်တာအကြောင်းကိုလည်း ရှင်းပြခဲ့ပါတယ် ။ အဓိက ပရိသတ်ကိုပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ “ လူဆိုတာကိုယ့်ဘဝနဲ့ကိုယ်ပဲ “ ဆိုတဲ့မက်ဆေ့ခ်ျလေးကို ပေးချင်တာဖြစ်တယ်လို့ သိရပါတယ် ။ CeleGabar ပရိသတ်ကြီးလည်း အရမ်းကောင်းတဲ့ ပြုံးရွှင်ရေ ပျော်ရဲ့လား ဆိုတဲ့ ကားလေးကို သွားရောက်အားပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်နော် ။

credit- CeleGabar

Share From Lucky Myanmar