ရေခဲတောင်တက်ခရီးစဉ်တွင် ပျောက်ဆုံးသွားသည့် မစိမ့်ထက်အား ပြန်လည်ရှာဖွေမည်

ရေခဲတောင်တက်ခရီးစဉ်တွင် ပျောက်ဆုံးသွားသည့် မစိမ့်ထက်အား ပြန်လည်ရှာဖွေရန် အစီအစဉ်ရှိ

ဖန်ဂရန်ရာဇီ ရေခဲတောင်တက်ခရီးစဉ်တွင် ပျောက်ဆုံးသွားသည့် မစိမ့်ထက်အား ဒေသခံများ၊ တောင်တက်အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ပြန်လည်ရှာဖွေရန် အစီအစဉ်ရှိကြောင်း မိသားစုဝင်များကပြောသည်။ အသက်ရှင်နေသည်ဖြစ်စေ၊ အသက်သေဆုံးသွားသည်ဖြစ်စေ သူပျောက်ဆုံးခဲ့သည့်နေရာတွင် သွားရောက်ရှာဖွေကာ ပြန်လည် သယ်ဆောင်လိုသည်ဟု သူမ၏ ဖခင်က ပြောသည်။

“ပြန်လည်ရှာဖွေဖို့ အစီအစဉ်တွေရှိပါတယ်။ သွားမယ့် အဖွဲ့တွေလည်း ရှိတယ်။ ပူးပေါင်းမယ့် အဖွဲ့တွေလည်းရှိပါတယ်။ ပေါင်းပြီးလုပ်ကြမယ်။ ဒါကတော့ အဓိက ကတော့ ဒေသခံတွေ လမ်းပြတွေနဲ့ ပူးပေါင်းပြီးတော့ ပြန်လည်ရှာဖွေဖို့ ရှိပါတယ်။ အချို့က တောင်တက်တတ်သော် လည်း ကယ်ဆယ်ရေးပိုင်းမှာ လုပ်တတ်တာမဟုတ်ပါဘူး။ အကယ်၍ သေဆုံးသွားရင်လည်း Dead Body ကိုရှာဖွေပြီး ဒီကို (ရန်ကုန်)ပြန်သယ်လိုပါတယ်။ အသက်အာမခံကတော့ တောင်တက်အဖွဲ့တွေကတော့ ထားပေးထားတာမရှိပါဘူး။ တောင်မတက်ခင် သူ့ဘာသာသူ သွားထားတာတော့ရှိပါတယ်”ဟု မစိမ့်ထက်၏ဖခင် ဦးမောင်မောင်လေးက ဧပြီ ၂၂ ရက်တွင် ပြောသည်။

ယင်းကဲ့သို့ သွားရောက်ရှာဖွေ ရာတွင် မစိမ့်ထက်နှင့်အတူသွား ရောက်ကြသော The Summiter အဖွဲ့မှ တောင်တက်ခေါင်းဆောင်လည်း လိုက်ပါမည်ဖြစ်ကြောင်း သိရသည်။

“သူတို့မိသားစုအတွက် ကျွန်တော့်အနေနဲ့ ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ကျွန်တော် ဘာလုပ်ပေးရ လုပ်ပေးရဆိုတာကို ပူတာအိုကို စရောက်ကတည်းက ကျွန်တော် အကြောင်းကြားထားပြီးသားပါ။ ကျွန်တော်တစ်ယောက်တည်းတော့ သွားလို့တော့ မရဘူးပေါ့။ ကယ်ဆယ်ရေးဆိုတာတော့ အဖွဲ့လေးဖွဲ့ခွဲပြီး သွားရတာ။ အဖွဲ့လေးဖွဲ့သွားမယ်ဆိုရင် ကျွန်တော်ဦးဆောင်ပြီး လုပ်ပေးဖို့ အဆင်သင့်ရှိနေပါတယ်”ဟု The Summiter အဖွဲ့ခေါင်းဆောင် ကိုဇော်ခိုင်က ပြောသည်။

ရှာဖွေကယ်ဆယ်ရေးနှင့် Dead Body ပြန်သယ်ရန်အတွက် လိုအပ်သည့် ပစ္စည်းကိရိယာများအစုံအလင်ပါမှ ရှာဖွေကယ်ဆယ်မည့် အဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

>

မစိမ့်ထက် တောင်အောက် သို့ ပြုတ်ကျသွားသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုဇော်ခိုင်က “တောင်က အမြင့်ပေ ၁၄၀ဝ၀ လောက်ရှိတယ်။ အမြင့်ပေ ၁၂၀ဝ၀ လောက်ကနေ ပြီးတော့ ပေ ၄၀ဝ၀ လောက်နက်တဲ့ ချောက်ထဲကို ကျသွားတယ်။ ခန့်မှန်းခြေအနက် ဒေသခံတွေရဲ့အပြောပေါ့။ အဲဒီလိုနက်တဲ့ချောက်ထဲရဲ့ တစ်ဝက်နားလောက်မှာ Dead Body တစ်ပိုင်းတစ်စရှိတယ်။ ကျန်တဲ့အပိုင်းတွေ အောက်ကို ဆက်ကျသွားတယ်။ Dead Body က အကောင်းအတိုင်းရှိနေတာတော့ မဟုတ်ဘူး။ ပြုတ်ကျချိန်မှာ သူက နောက်ဆုံးမှ တက်တဲ့သူမဟုတ်ဘူး။ သူက ရှစ်ယောက်မြောက်နေရာမှာ တက်ခဲ့တာဖြစ်ပါတယ်။ သူ့နောက် မှာ အဖွဲ့ဝင်တွေရှိပါတယ်”ဟု ပြောပြသည်။

“ဒီလိုအခြေအနေမှာတော့ အသက်ရှင်ဖို့တော့ မလွယ်တော့ပါ ဘူး။ အခြားတောင်တက်အဖွဲ့တွေ၊ ရှာဖွေရေးအဖွဲ့တွေက ရှာကြဖို့ရှိတယ်လို့ သိရတယ်”ဟု တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က သုံးသပ် ပြောသည်။

၂၀၁၉ ခုနှစ် ဧပြီလအတွင်း တောင်တက်အဖွဲ့ဝင် ၂၀နှင့် လမ်းပြ သုံးဦးတို့ပါဝင်သည့် The Summiter အဖွဲ့သည် ဖန်ဂရန်ရာဇီ ရေခဲတောင်သို့ တက်ရောက်ခဲ့ပြီး တောင်ထိပ်သို့ အောင်မြင်စွာရောက်ရှိခဲ့ပြီးနောက် တောင်ပေါ်မှ ပြန်အဆင်း ဧပြီ ၁၂ ရက်တွင် ခြေချော်ကျကာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Credit – NW