ညီညီမောင်နဲ့ ချစ်သူတွေ ဖြစ်နေတယ် ဆိုတဲ့သတင်းကို ဖြေရှင်းလိုက်တဲ့ ဇွန်ဝေယံ

Melody World နဲ့ X-Factor စတဲ့ အဆိုပြိုင်ပွဲတွေကနေ တက်လှမ်းလာပြီး အဆိုတော် မော်ဒယ် အဖြစ် ရပ်တည်နေသူက ဇွန်ဝေယံ ဖြစ်ပါတယ်။ ကိုယ်ပိုင် တေးစီးရီးလေးတွေ ထုတ်ပြီး ဂယက်သိပ်မထတဲ့ ဇွန်ဝေယံက လတ်တလောမှာတော့ ရေပန်းစားနေပါတယ်။ အကြောင်းရင်းကတော့ ညီညီမောင် (စမ်းချောင်း) နဲ့ ချစ်သူတွေ ဖြစ်နေတယ်လို့ ကောလဟာလ သတင်းကြောင့်ပါ။ သုသုရဲ့ သို့လောသို့လော ဓာတ်ပုံတွေကြားမှာ ဇွန်ဝေယံရဲ့ မိသားစုတွေနဲ့ ပရိသတ်တွေအားလုံး သိချင်စိတ် ပြင်းပြခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ 8 days မီဒီယာနဲ့ အင်တာဗျူးမှာ ဇွန်ဝေယံက ခုလို ဖြေကြားသွားပါတယ်။

“Online မှာ ပျံ့နေတယ်ဆိုတဲ့ သတင်းက လူတွေက မျိုးစုံ ထင်ကြေးပေးကြတယ်ပေါ့နော်။ ဒါက ကောလဟာလပါ။ အမတို့က စစချင်းတုန်းက အံ့သြတာပေါ့။ အကုန်လုံးက သို့လော သို့လော မေးတာပေါ့။ အဒေါ်တွေက အစ။ သတင်းကလည်း တော်တော်လေးကို ပျံ့သွားတော့ သူငယ်ချင်းတွေကအစ တောက်လျှောက် သတင်းမေးတာ။ အဲ့လိုဆိုတော့ အမကလည်း တကယ်လားပေါ့။ သိချင်ရင် မသုကို သွားမေးလို့ ကျွန်တော် ပြောလိုက်တယ်။” လို့ ဆိုပါတယ်။

အချစ်စစ်သာမှန်ရင် အိမ်က နားလည်ပေးနိုင်မယ် ဆိုတာကို ဇွန်ဝေယံက ခုလို ပြောပြသွားပါတယ်။

“တကယ်လို့သာ လူတစ်ဦးနဲ့ တစ်ဦးသာ မေတ္တာရှိသွားပြီဆိုရင် LGBT သာမကလို့ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် ကျွန်တော့်အိမ်က နားလည်ပေးမယ် ထင်တယ်။ မသုနဲ့လည်း တကယ်လို့ အပြင်မှာ တစ်ယောက်နဲ့ တစ်ယောက် တွဲဖြစ်သွားတယ်ဆိုရင်လည်း ဘယ်လိုတွေ ပြောမလဲ ဆိုတာကို ကျွန်တော်ကိုယ်တိုင်က ရင်ခုန်နေတယ်။ မသုနဲ့က ခင်နေတာကြာပြီ။ ဟိုးအရင်တည်းက ငယ်ငယ်လေးတည်းက ခင်တာကြာပြီ။ ကျွန်တော့်အမ ချာချာနဲ့ သူနဲ့က မိတ်ကပ်လိမ်းဖော်လိမ်းဖက် ဆိုတော့ ငယ်ငယ်က အမနဲ့ လိုက်သွားရင်း သူနဲ့သိတယ်။ ပွဲတက်တွေမှာ သွားဆုံတာမျိုး ရှိတယ်။ ဖြစ်ချင်တော့ ဒီရက်ပိုင်းကျမှ တော်တော်လေးကို ၂ ယောက်သား တွေ့ဖြစ်သွားတဲ့ ပုံစံမျိုးပါ။အဲ့ကနေစလို့ ရင်းနှီးတာကလည်း အရင်ကထက်ကို ပိုသွားတာပါ။” ဆိုပြီး ပြောပြသွားပါတယ်။

သုသုနဲ့ ပဌာန်းဆက်ပါတဲ့ အကြောင်းကိုလည်း ဇွန်ဝေယံက ခုလို ပြောပြသွားပါတယ်။

“မသုက သဘောအရမ်းကောင်းတယ်။ ဘုရားတရား အရမ်းလုပ်တယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ဘုရားတရားလုပ်တဲ့သူဆိုတော့ သူနဲ့က ပိုပြီးတော့ ဒီဘက်နောက်ပိုင်းမှာ ဆုံဖြစ်တယ်။ မုန့်တွေ တူတူစား လျှောက်လည်တယ် ဘုရားတရား တူတူလုပ်တယ်။ သူနဲ့က ပဌာန်းဆက် ပါတယ် ခေါ်ရမယ်။ တွေ့ရမယ့်အချိန်တန်လို့ တွေ့ရတာပါ။” ဆိုပြီး ပြောပြသွားပါတယ်။

Share From nanmalgyi