.ဩကာသဖြင့် ကန်တော့တောင်းပန်ရင် အပြစ်အားလုံးပျက်ပြယ်သွားပါသလား

မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ နေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အိပ်ရာဝင် အိပ်ရာထအချိန်တွေမှာ ဘုရားရှိခိုးတတ်ကြပါတယ်။

ငါးပါးသီလ ရှစ်ပါးသီလစသည် ခံယူဆောက်တည်တတ်ကြပါတယ်။ ဒီအခါမှာ
“သြကာသ သြကာသ သြကာသ ကာယကံ ဝစီကံ မနောကံဤကံသုံးပါးတို့တွင် တစ်ပါးပါးသောကံဖြင့် ပြစ်မှားကျူးလွန်မိသည်
ရှိသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှါ စသည်ဖြင့်ရွတ်ဆိုကန်တော့တတ်ကြပါတယ်။

ဒါတင်မကပါဘူး။ မိဘ, ဆရာသမား,သက်ကြီးရွယ်အိုတွေကို ကန်တော့ကြတဲ့အခါလည်း သြကာသရွတ်ဆိုပြီး ကန်တော့တတ်ကြပါတယ်။

စာဖတ်သူများကိုယ်တိုင်လည်း ရွတ်ဆိုကန်တော့ဖူးသူတွေ ဖြစ်ပါတယ်။
ကန်တော့တာတော့ ဟုတ်ပါပြီ။ ဒီလိုကန်တော့တောင်းပန်လို့မို့ “ထိုအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှါ လို့ ရွတ်ဆို
တောင့်တသလို အပြစ်တွေ တကယ်ကော ပျောက်ပြယ်သွားသလား။

ဒါ-စဉ်းစားသင့်တဲ့ကိစ္စဖြစ်ပါတယ်။ စူးစမ်းလေ့လာထားသင့်တဲ့ကိစ္စဖြစ်ပါတယ်။ အမြဲကြုံတွေ့နေရတဲ့ အလုပ်တစ်ခုရဲ့ အကျိုးသက်ရောက်မှုကို ခြေခြေမြစ်မြစ် မဟုတ်ရင်တောင်မှပဲ အကြမ်းဖျင်းတော့ နားလည်ထားသင့်ပါတယ်။

ဒါမှသာ မိမိအလုပ်ရဲ့ တန်ဖိုးကို သိမြင်
ပြီး အလေးအနက်ထားတတ်လာပါလိမ့်မယ်။

ဒီအကြောင်းကို လေ့လာမယ်ဆိုရင်
(၁) ကန်တော့တောင်းပန်တဲ့အပိုင်းရယ်
(၂) အပြစ်ပျက်ပြယ်မှုအပိုင်းရယ်လို့ နှစ်ပိုင်းခွဲပြီး လေ့လာ
သင့်ပါတယ်။

၁။ ကန်တော့တောင်းပန်ပိုင်းကို ပဌမလေ့လာရအောင်။

မျက်မှောက်ခေတ်လူတွေ သြကာသရွတ်ဆိုပြီး ကန်တော့ကြတာကို လေ့လာကြည့်ရင် အပြစ်ပြေပျောက်လိုစိတ်နှင့် ရွတ်ဆိုကန်တော့သူနည်းပါးပြီး၊ နှုတ်တက်ရနေလို့မို့ အမှတ်တမဲ့ ရွတ်ဆိုကြသူတွေသာများကြောင်း တွေ့ရပါလိမ့်မယ်။

ဒါတင်လားဆိုတော့ ဒီလိုကန်တော့တောင်းပန်လို့ အပြစ်တွေတကယ်ပျောက်ပျက်သွားသလား၊ဘယ်လိုအပြစ်တွေပျောက်သလဲ၊ ဘယ်အတိုင်းအတာအထိပျောက်သလဲဆိုတဲ့ကိစ္စကို နားလည်လို့ရွတ်ဆိုကန်တော့သူ ပိုပြီးနည်းတာတွေ့ရပါလိမ့်မယ်။

ဒါက မျက်မှောက်ကာလမှာ တကယ်
ကြုံတွေ့နေရတဲ့ အခြေအနေပါ။

ကန်တော့တဲ့အခါ အများနှင့်သံယောင်လိုက်ပြီး အမှတ်တမဲ့ရွတ်ဆိုကန်တော့တာမျိုး၊ စိတ်မပါဘဲ နှုတ်တက်ရနေလို့ ရွတ်ဆိုလိုက်တာမျိုး မဖြစ်သင့်ပါဘူး။

အထင်အရှားဖြစ်စေ၊ အမှတ်တမဲ့
ဖြစ်စေ၊သိလျက်နဲ့ဖြစ်စေ၊ မသိဘဲဖြစ်စေ၊ ကာယကံ ဝစီကံ မနောကံနှင့် လွန်ကျူး စော်ကားမိတာ ရှိတတ်ပါတယ်။

နောင်အခါ ရှောင်ကြဉ်လိုစိတ်နှင့် အဲဒီအပြစ်အတွက် အနူးအညွတ် တောင်းပန်ကန်တော့တာမျိုး ဖြစ်သင့်ပါတယ်။

ဘာကြောင့် ဒီစကားကို အလေးပေးပြောရသလဲဆိုရင်ကန်တော့တောင်းပန်မှုဖြစ်ရပ်တွေကို လေ့လာကြည့်တဲ့အခါအပြစ်ကို အပြစ်လို့မြင်ပြီး နောင်အခါ ရှောင်ကြဉ်လိုစိတ်နှင့် အနူးအညွတ်တောင်းပန်တာကို ကျမ်းဂန်တွေမှာ အလေးပေး ပြဆိုထားလို့ပါပဲ။

နမူနာအဖြစ် ကြည့်မယ်ဆိုရင်အဖသတ်သားရယ်လို့ သမိုင်းအမည်းစက်စွန်းထင်းခဲ့တဲ့အဇာတသတ်မင်းကို သူသူငါငါကြားဖူးကြပါတယ်။

ဖခင် ဗိမ္ဗိသာရမင်းကြီးကိုသတ်ပြီးလို့ မကြာမီမှာပဲ အမှားကြီးမှားခဲ့ပြီးဖြစ်ကြောင်းသူနားလည်သွားပါတယ်။

အဲဒီအချိန်ကစပြီး စိတ်သောကဒဏ်ကို
အလူးအလဲခံရပါတော့တယ်။ အရှင်လတ်လတ် ငရဲသားဖြစ်ရတဲ့အခြေအနေပေါ့ ။

ရှင်တော်မြတ်ဘုရားဆီသွားရင် ပြေရာပြေကြောင်းတရားစကား နာကြားခွင့်ရမယ်၊ စိတ်သက်သာခွင့်ရမယ်ဆိုတာ သူသိပါတယ်။ သွားလိုစိတ်လည်း ပြင်းပြင်းပြပြရှိပါတယ်။

ဒါပေမဲ့သူမသွားရဲဘူး။ အကြောင်းကတော့ သူသတ်ခဲ့တဲ့ သူ့အဖေက ဘုရားရှင်ရဲ့ ကျောင်းဒကာကြီးဖြစ်နေတယ်။ဒါတင်မက သူကူညီအားပေးခဲ့ ပေါင်းသင်းခဲ့သူကလည်း ဘုရားရှင်အပေါ် ရန်လုပ်နေတဲ့ အရှင်ဒေဝဒတ် ဖြစ်နေလို့ပါပဲ။

နောက်ဆုံးတော့ ဆရာဇီဝကရဲ့ အကူအညီကိုယူပြီး ရှင်တော်ဘုရားဆီ အရောက်သွားပါတော့တယ်။ အဆုံးအမစကားတော်များနှင့်အတူ သာမညဖလသုတ်တော်ကို နာကြားရတဲ့အခါ စိတ်ချမ်းမြေ့မှု၊ ကျေနပ်ဝမ်းမြောက်မှုများစွာ ရရှိသွားပါတယ်။

တဆက်တည်းမှာပဲ ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သူ ဥပါသကာအဖြစ်အသိအမှတ်ပြုဖို့လည်း လျှောက်ထားပါတယ်။ပြီးတော့ သူလွန်ကျူးမိတဲ့ အပြစ်အတွက်

“မြတ်စွာဘုရား- တပည့်တော် မသိ မလိမ္မာ မိုက်မဲသည့်အလျောက် ဘုရင်ဖြစ်လိုတာနဲ့ ဖခင်ဘုရင်ကြီးကို သတ်တဲ့အထိ အပြစ်
ကျူးလွန်မိပါပြီ။

ဒီလိုအပြစ်မျိုး နောင်အခါမဖြစ်အောင် စောင့်စည်းဖို့အတွက် တပည့်တော်ကို ခွင့်လွှတ်တော်မူပါ”လို့ အနူးအညွတ်လျှောက်ထားတောင်းပန်ပါတယ်။

ရှင်တော်မြတ်ဘုရားက- မင်းမြတ်- မိမိအပြစ်ကိုမြင်ပြီးနောင်အခါ စောင့်စည်းလိုစိတ်နှင့် တောင်းပန်တာကို ငါဘုရားလက်ခံပါတယ်(လွန်ကျူးတဲ့အပြစ်ကို ခွင့်လွှတ်ပါတယ်)။

မင်းမြတ်- အပြစ်ကို အပြစ်လို့မြင်တတ်မှု၊ ဝန်ချတောင်းပန်မှု၊ နောင်မကျူးလွန်အောင်စောင့်ထိန်းမှုဟာ ကြီးပွားတိုးတက်ကြောင်းအလုပ်ဖြစ်စ်တယ် လို့ မိန့်တော်မူလိုက်ပါတယ်။

နောက်နမူနာတစ်ခုက အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်ရပ်တစ်ခါတုန်းက အရှင်အနုရုဒ္ဓါမထေရ်မြတ် ကောသလတိုင်းရွာကြီးတစ်ရွာကနေ သာဝတ္ထိသို့ ကြွတော်မူလာပါတယ်။

လမ်းမှာမိုးချုပ်သွားလို့ ရွာတစ်ရွာသို့ ဝင်ပြီး အမျိုးသမီးတစ်ဦး ဆောက်လှူထားတဲ့ဇရပ်မှာ တစ်ညတာတည်းခိုပါတယ်။

အရှင်မြတ်ရောက်လို့မကြာမီမှာဘဲ အခြားခရီးသည်တွေလည်း အဲဒီဇရပ်မှာတည်းခိုဖို့ရောက်လာကြပါတော့တယ်။

ဒီအခါ ဇရပ်အလှူရှင်အမျိုးသမီးကဒီလူတွေနှင့် ရောရောနှောနှောနေရရင် အရှင်ဘုရား ချမ်းချမ်းသာဖြစ်မှာမဟုတ်ဘူး၊ အရှင်ဘုရားအတွက် အိမ်မှာပဲနေရာပြင်ပေးပါရစေလို့ လျှောက်ထားပြီး သူ့အိမ်မှာ နေရာပြင်ပေးပါတော့တယ်။
လျှောက်ထားတာလည်း ဒီအမျိုးသမီးမှာ ရည်ရွယ်ချက်ရှိလို့ပါ။

အရှင်အနုရုဒ္ဓါမထေရ်မြတ်က ကမ္ဘာတစ်သိန်းပါရမီဖြည့်လာတဲ့ဧတဒဂ်ရ မဟာသာဝကကြီးမဟုတ်လား။ ပြီးတော့ လက်ရှိဘဝမှာလည်း မင်းညီမင်းသားကနေ ရဟန်းပြုလာသူ။

နုနယ်ပြီး အလွန်ချောမောတဲ့ရုပ်ရည်ပိုင်ရှင် ဖြစ်တော်မူပါတယ်။ ဒီတော့လည်း အဲဒီ
အမျိုးသမီးဟာ မထေရ်မြတ်ကို မြင်မြင်ချင်းစွဲလန်းသွားပါသတဲ့။ဒါကြောင့် ဒီလိုလျှောက်ထားစီစဉ်တာပါ။

ညကျတော့ အစွမ်းကုန်ဖီးလိမ်းပြင်ဆင်ပြီး အဲဒီအမျိုးသမီးမထေရ်မြတ်ဆီရောက်လာပါတော့တယ်။ ပြီးတော့ “အရှင်ဘုရားရဲ့ရုပ်ရည်တော် အလွန်လှပကျက်သရေရှိလှပါတယ်။

တပည့်တော်လည်း ချောမောလှပသူဖြစ်လို့ အရှင်ဘုရားနှင့် လိုက်ဖက်လှပါတယ်။တပည့်တော် အရှင်ဘုရားရဲ့ ဇနီးဖြစ်ပါရစေ ”လို့ လျှောက်ထားပါတယ်။

ဒါပေမဲ့ မထေရ်မြတ်က ဘယ်လိုတုန့်ပြန်စကားကိုမှ မိန့်တော်မမူပါဘူး။ ဒီတော့ တစ်ဆင့်တက်ပြီး ကြိုးစားပါတော့တယ်။

အဝတ်တွေကို ချွတ်ပြတဲ့အထိပါပဲ။ အမျိုးသမီး ဘယ်လိုပဲဆွဲဆောင်ဆွဲဆောင် မထေရ်မြတ်ကတော့ စက္ခုနြေ္ဒချပြီး ငြိမ်ငြိမ်သက်သက်
ထိုင်သီတင်းသုံးတော်မူလျက်ပါပဲ။

နောက်ဆုံးတော့ ရဟန္တာအရှင်မြတ်မှန်း သိသွားပါတယ်။

စိတ်လှုပ်ရှားအောင် သူဘယ်လိုမှ စွမ်းဆောင်နိုင်မှာမဟုတ်မှန်းနားလည်သွားပါတယ်။ ရဟန္တာအရှင်မြတ်ကြီးအပေါ် သူ အပြစ်ကျူးလွန်မိပြီဆိုတာကိုလည်း သိသွားပါတယ်။

ဒါကြောင့်“အရှင်ဘုရား- တပည့်တော် မသိ မလိမ္မာ မိုက်မဲသည့်အလျောက် မလျော်တဲ့အပြုအမူတွေနဲ့ အရှင်ဘုရားအပေါ် အပြစ်
လွန်ကျူးမိပါပြီ။

ဒီလိုအပြစ်မျိုး နောင်မလုပ်မိအောင် စောင့်စည်းဖို့အတွက် တပည့်တော်ကို ခွင့်လွှတ်ပါ”လို့ အနူးအညွတ် ကန်တော့တောင်းပန်ပါတော့တယ်။

မထေရ်မြတ်ကလည်း- နှမ- မိမိအပြစ်ကိုမြင်ပြီး နောင်စောင့်စည်းလိုစိတ်နဲ့တောင်းပန်တာကို လက်ခံပါတယ်။ (လွန်ကျူးမိတဲ့
အပြစ်ကို ခွင့်လွှတ်ပါတယ်)၊ နှမ- အပြစ်ကို အပြစ်လို့မြင်တတ်မှု၊ဝန်ချတောင်းပန်မှု၊ နောင်အခါ စောင့်စည်းမှုဟာ ကြီးပွားတိုးတက်
ကြောင်းဖြစ်တယ် လို့ မိန့်တော်မူလိုက်ပါတယ်။

ဒီဖြစ်ရပ်တွေကိုကြည့်ရင် မိမိအပြစ်ကိုမြင်ပြီး နောင်စောင့်စည်းလိုစိတ်နှင့် အနူးအညွတ်တောင်းပန်တာကို အထင်အရှားတွေ့နိုင်ပါတယ်။ အခြားအခြားဖြစ်ရပ်တွေမှာလည်း ဒီအတိုင်းပါပဲ။ ဒါကနမူနာဖြစ်ရပ်တွေကို လေ့လာကြည့်တာဖြစ်ပါတယ်။

သဘာဝအရ ကြည့်ကြဦးစို့ –
သတ္တဝါတွေရဲ့ ကောင်းမှုအလုပ် မကောင်းမှုအလုပ်မှန်သမျှစိတ်ဦးဆောင်မှုအောက်မှာ ဖြစ်ကြရပါတယ်။

ကိစ္စအတော်များများဟာ စိတ်ထဲ အလေးအနက်ရှိမှု မရှိမှုအပေါ် မူတည်ပြီး အကျိုးပေးတဲ့အခါလည်း ကြီးကျယ်မှု သေးသိမ်မှုဖြစ်ကြရပါတယ်။ ယခုကိစ္စမှာလည်းတစ်ဦးတစ်ယောက်က စိတ်ထက်ထက်သန်သန်နဲ့ အပြစ်တစ်ခုလုပ်မိတယ်ဆိုပါစို့။

စိတ်မပါဘဲ အမှတ်တမဲ့တောင်းပန်ရုံ၊ မလိုလဲ လိုလဲ တောင်းပန်ရုံနဲ့ ဒီအပြစ်ပြေပျောက်ပါ့မလား၊ တွေးကြည့်နိုင်
ပါတယ်။ ပြေပျောက်တယ်ဆိုတဲ့အဖြေကိုရဖို့ ခက်ခဲပါလိမ့်မယ်။

ဒီလို ဖြစ်ရပ်အထောက်အထား၊ သဘာဝအထောက်အထားတွေ
ကြောင့် သြကာသရွတ်ဆိုကန်တော့တဲ့အခါ
ကာယကံ ဝစီကံ မနောကံနှင့် ထင်ထင်ရှားရှား ပြစ်မှား
မိတာရှိရင် နောင်အခါ စောင့်စည်းမယ်။

တကယ်လို့ အမှတ်တမဲ့ လွန်ကျူးပြစ်မှားမိတာရှိရင်လည်း နောင်အခါ စောင့်စည်းမယ်-ဆိုတဲ့စိတ်နဲ့ အလေးအနက်ကန်တော့တောင်းပန်တာမျိုး ဖြစ်သင့်ပါတယ်။

ဒီလိုစိတ်ထားနှင့် ကန်တော့နိုင်မှုဟာ ဘုရားတရားသံဃာကိုကန်တော့တာဖြစ်ရင်လည်း ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်
တော်ဆီမှာ အာရုံရောက်နေပါလိမ့်မယ်။

မိဘ, ဆရာကို ကန်တော့တာဖြစ်ရင်လည်း မိဘ ဆရာများရဲ့ ဂုဏ်ကျေးဇူးတွေဆီမှာ အာရုံ
ရောက်နေပါလိမ့်မယ်။ ဒီလို အလေးအမြတ်ထားတဲ့စိတ်နှင့်တောင်းပန်မှုဟာ အလွန်လေးနက်တဲ့ ကုသိုလ်ရေးအလုပ်ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒီလိုစိတ်မျိုးနှင့် ကန်တော့တောင်းပန်တတ်သူဖြစ်အောင် ကြိုးစားသင့်ပါတယ်။

၂။ ကန်တော့တောင်းပန်မှုအပိုင်းပြီးတော့ အပြစ်ပြေပျောက်အပိုင်းကို ဆက်ကြည့်ရအောင် –
ဒီအပိုင်းကို လေ့လာတဲ့အခါ လောကီကုသိုလ်စိတ်နှင့်အကုသိုလ်စိတ်တို့ရဲ့ သဘောသဘာဝကို သိထားဖို့လိုပါတယ်။

သူတို့နှစ်ခုဟာ တစ်ခုကိုတစ်ခု ပိတ်ပင်တားမြစ်တတ်တဲ့သဘောရှိပါတယ်။ အားများတဲ့အရာက အားနည်းတဲ့အရာကို အကျိုးမပေး
နိုင်အောင် ပိတ်ပင်တားမြစ်တတ်ပါတယ်။

ယခုကိစ္စမှာ ကာယကံပြစ် ဝစီကံပြစ် မနောကံပြစ်ဟာ အကုသိုလ်ဖြစ်ပြီး နောင်အခါရှောင်ကြဉ်လိုစိတ်နှင့်တောင်းပန်မှုက လောကီကုသိုလ် ဖြစ်ပါတယ်ဒီကုသိုလ်စိတ်က အားပျော့သေးသိမ်နေရင် အကုသိုလ်ကို ဘယ်လိုလုပ် ပိတ်ပင်တားမြစ်နိုင်ပါ့မလဲ၊ ဒါကြောင့် ထက်မြက်အားကောင်းတဲ့ ကုသိုလ်စိတ်ဖြစ်ဖို့ လိုပါတယ်။

ကန်တော့တောင်းပန်တဲ့ကုသိုလ်က အကုသိုလ် ကာယကံဝစီကံ မနောကံပြစ်ကို ပိတ်ပင်တားမြစ်တဲ့နေရာမှာ အခြေအနေအလိုက် ကွဲပြားမှုတွေရှိပါတယ်။

လွန်ကျူးသူရဲ့ စိတ်စေတနာထက်သန်မှု၊ လွန်ကျူးခံရသူရဲ့ ဂုဏ်သိက္ခာကြီးမားမှု သေးငယ်မှု
အလိုက်ပေါ့။

ဒါကြောင့် –
(က) ပျက်ပြယ်သွားအောင် မစွမ်းဆောင်နိုင်တဲ့ အပိုင်းလည်းရှိပါတယ်။

(ခ) ပျက်ပြယ်သွားအောင် စွမ်းဆောင်နိုင်တဲ့ အပိုင်းလည်းရှိပါတယ်။

(က) ပျက်ပြယ်သွားအောင် မစွမ်းဆောင်နိုင်တဲ့ အပိုင်းက

၁။ အမိကိုသတ်မှု ၊
၂။ အဖကိုသတ်မှု ၊
၃။ ရဟန္တာကိုသတ်မှု

၎။ ဘုရားရှင်ကို သွေးစိမ်းတည်အောင်လုပ်မှု
၅။ သံဃာသင်းခွဲမှု-ဆိုတဲ့ အပြစ်တွေပါပဲ။ ဒီငါးမျိုးကို
စာပေဝေါဟာရနှင့်ပြောရရင် ပဉ္စာနန္တရိယကံ လို့ခေါ်ပါတယ်။

ဒီပြစ်တွေဟာ ဘယ်လိုတောင်းပန်ကန်တော့လို့မှ ပြေပျောက်တဲ့အပြစ်တွေမဟုတ်ပါဘူး။ အခြားအခြား ဘယ်လောကီကုသိုလ်ကမှ အကျိုးမပေးအောင် တားမြစ်ပိတ်ပင်နိုင်စွမ်းမရှိတဲ့ အပြစ်တွေပါတယ်။

ဒီငါးခုထဲက တစ်ခုခုကျူးလွန်မိရင် ဒီဘဝမှာ တရားထမရနိုင်တော့သလို နောက်ဘဝမှာ ဒီအပြစ်ကိုခံစားရဖို့ သေချာပေါက်ပါပဲ။ ကျူးလွန်မိပြီးနောက်ပိုင်းမှာ နောင်တရလို့မို့ ကုသိုလ်ကောင်းမှုတွေ ဘယ်လောက်ပြုပြီး ဘယ်လိုပင်တောင်းပန်ပါစေလွတ်လမ်းမရှိပါဘူး။ နောင်တ,စိတ်နဲ့ပြုလုပ်တဲ့ ကုသိုလ်ရဲ့ အကျိုးကို နောက်မှဘဲခံစားရပါလိမ့်မယ်။

(ခ) ဒီငါးပါးမှတစ်ပါး ကျန်တဲ့အပြစ်တွေမှာ
၁။ သဂ္ဂန္တရာယ်= နောင်ဘဝ သုဂတိသို့ မရောက်အောင် တားမြစ်မှု။
၂။ မဂ္ဂန္တရာယ်= ဒီဘဝမှာ ဘယ်လိုကြိုးစားအားထုတ်ပေမဲ့
တရားထူး မရနိုင်မှု-ဆိုတဲ့ အပြစ်တွေရှိပါတယ်။
အနူးအညွတ် ကန်တော့တောင်းပန်တဲ့ ကုသိုလ်က ဒီအပြစ်တွေကို
ပျောက်ပြယ်စေပါတယ်။

လောကမှာ စိန်ရေသင့်တယ် ဆိုတဲ့ ဝေါဟာရတစ်ခု ရှိပါတယ်။
မပြစ်မှားထိုက်သူကို စော်ကားပြစ်မှားတဲ့လုပ်ရပ်ကို ခေါ်ဝေါ်တဲ့ဝေါဟာရပါ။ ရတနာသုံးပါး၊ မိဘ၊ ဆရာစတဲ့ ဂုဏ်အားဖြင့်ကြီးမြတ်သူ၊ မိမိအပေါ် တစ်နည်းနည်းနှင့် ကျေးဇူးများသူအပေါ် ဆဲဆိုကြိမ်းမောင်းစသည်ဖြင့် စော်ကားပြစ်မှားသူကို စိန်ရေသင့်သူ”လို့ခေါ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ မျက်မှောက်ဘဝမှာပဲ စီးပွားပျက်
ကျန်းမာရေးထိခိုက်စသည်ဖြင့် မလှမပ ဇာတ်သိမ်းရတတ်ပါတယ်။

ယခုဘဝမှာ မဂ်ဖိုလ်ရရေး၊ နောင်ဘဝ သုဂတိသို့ရောက်ရေးကတော့ အလှမ်းဝေးရောပေါ့ ။ မိမိအပြစ်ကို မြင်လို့မို့ အနူးအညွတ် ကန်တော့တောင်းပန်ရင်တော့ သဂ္ဂန္တရာယ် မဂ္ဂန္တရာယ် အပြစ်တွေ ပြေပျောက်နိုင်ပါတယ်။ ဒါက ကန်တော့တောင်းပန်လို့မို့ အပြစ်တွေ တကယ်ပြေပျောက်သွားသလား-ဆိုတဲ့အပိုင်းကို လေ့လာကြည့်တပါ။

ဒီလောက်ဆိုရင် ရှေးရှေးပညာရှိကြီးများ သြကာသကန်တော့ချိုးကို ဘာကြောင့် စီစဉ်ထားခဲ့ကြတယ်၊ မျက်မှောက်ခေတ်တိုင်အောင်
ဘာကြောင့် လိုက်နာကျင့်သုံးနေကြတယ်။ သြကာသကန်တော့ချိုးဟာ မိမိဘဝအတွက် ဘယ်လောက်တန်ဖိုးကြီးမားတယ်။

ဘယ်လို ကျင့်သုံးသင့်တယ်-ဆိုတာ အကြမ်းဖျင်းနားလည်လောက်ပြီလို့ ယူဆပါတယ်။

ကန်တော့တောင်းပန်တာနဲ့ ပတ်သက်လို့ အထူးသိထားသင့်တဲ့အချက်တစ်ခုကို အသိပေးချင်ပါသေးတယ် –

ဝန်ချတောင်းပန်ရမယ့် အပြစ်ဆိုရင် ဝန်ချတောင်းပန်ပါမှဒီအပြစ်ပြေပျောက်တယ်။ ဘယ်လို ကောင်းမှုတွေပဲလုပ်ပါစေမတောင်းပန်ရင် ဒီအပြစ်မပြေပျောက်ဘူး။ ဒီအပြစ်ကနေ သက်သာ
ခွင့် မရဘူးဆိုတဲ့အချက်ပါပဲ။

ဒါနဲ့ပတ်သက်လို့ ကျမ်းဂန်မှာပြဆိုထားတဲ့ ဖြစ်ရပ်တစ်ခုကိုကြည့်ရအောင်

တစ်ခါတုန်းက မထေရ်ကြီးတစ်ပါးနှင့် ရဟန်းငယ်တစ်ပါးရွာတစ်ရွာသို့ ဆွမ်းခံဝင်ကြပါသတဲ့။ ပဌမဆုံးအိမ်က နှစ်ပါးလုံးယာဂု(ဆန်ပြုတ်)လောင်းလိုက်ပါတယ်။

ဒီအခါမထေရ်ကြီးကဆန်ပြုတ်ပူပူနွေးနွေးဆိုတော့ လေနာရောဂါနဲ့ သင့်လျော်တယ်။ ငါ
လည်း လေနာရောဂါရှိနေတယ်။ အေးမသွားမီ သုံးဆောင်လိုက်ရင်ကောင်းမယ် “လို့ စဉ်းစားမိတယ်။ ဒါနဲ့ အနီးအနားက သစ်တုန်း
တစ်ခုပေါ်ထိုင်ပြီး ဘုဉ်းပေးပါတော့တယ်။

မထေရ်ကြီးအပြုအမူကိုမြင်တော့ ရဟန်းငယ်ရဲ့ စိတ်ထဲအတော်သဘောမကျဖြစ်သွားပါတယ်။ ဒါကြောင့် “ကိုယ်တော်ကြီးအစားအသောက်နဲ့ပတ်သက်ရင် သည်းကိုမခံနိုင်ဘူး။ အတော်ဆာတတ်လွန်းတယ်။ အရှင်ဘုရားလုပ်တာနဲ့ တပည့်တော်ပါ အရှက်ရနေပြီ “လို့ ပြောလိုက်မိပါတယ်။

ဆွမ်းကိစ္စပြီးလို့ကျောင်းသို့ပြန်ရောက်တဲ့အခါ မထေရ်ကြီးက“ငါ့ရှင်-တရားထူးများရပြီးပြီလား” လို့ ရဟန်းငယ်ကိုမေးပါတယ်။

ရဟန်းငယ်က သောတာပန်ဖြစ်ပါကြောင်း လျှောက်လိုက်ပါတယ်။
ဒီတော့ မထေရ်ကြီးက ငါ့ရှင်-အထက်မဂ်ဖိုလ်ရရေးအတွက် မကြိုးစားနဲ့တော့။

ငါ့ရှင်ဟာ ရဟန္တာကို ကဲ့ရဲ့ ရှုတ်ချမိပြီလို့ မိန့်တော်မူလိုက်ပါတယ်။ ဒီတော့မှ ရဟန်းငယ်ဟာ အနူးအညွတ် ကန်တော့တောင်းပန်ပါတော့တယ်။ တောင်းပန်ကန်တော့လိုက်လို့မို့ မဂ္ဂန္တရာ
အပြစ်ပြေပျောက်သွားတယ်။ အထက်မဂ်ဖိုလ်ကို သိမြင်ခွင့်ရသွားတယ်လို့ ကျမ်းဂန်မှာ ပြဆိုထားပါတယ်။

ဒီဖြစ်ရပ်က ဘာကိုပြသလဲဆိုတာ သိလောက်ရောပေါ့။

ကန်တော့တောင်းပန်ရမယ့်အပြစ်ကို ကန်တော့တောင်းပန်မှုမလုပ်ရင် အဲဒီအကုသိုလ်ပြစ်က သောတာပန်ပုဂ္ဂိုလ်ကိုပင် အထက်မဂ်ဖိုလ်ကို မရနိုင်အောင် အန္တရာယ်ပေးကြောင်း ပြဆိုတာဖြစ်ပါတယ်။

သူလိုငါလို သာမန်ပုထုဇဉ်အဖို့တော့ ပြောမနေနဲ့တော့၊ဒါကြောင့် ကန်တော့ တောင်းပန်လွယ်သူဖြစ်ဖို့ အထူးလိုအပ်ပါတယ်။

ကန်တော့တောင်းပန်တာနဲ့ ပတ်သက်လို့ ကျမ်းဂန်မှာဘယ်လောက်ထိ ပြဆိုထားသလဲဆိုရင် –

သောတာပန်စတဲ့အရိယာပုဂ္ဂိုလ်တစ်ပါးပါးကို ကာယကံနှင့်ဖြစ်ဖြစ် ဝစီကံနှင့်ဖြစ်ဖြစ် မနောကံနှင့်ဖြစ်ဖြစ် လွန်ကျူးစော်ကားမိ
ရင် အနူးအညွတ် ဝန်ချတောင်းပန်ရမယ်။

အရိယာပုဂ္ဂိုလ်ပါလားလို့သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အပြစ်ဟာအပြစ်ပဲ။ သောတာပန်
သကဒါဂါမ်ပုဂ္ဂိုလ်တွေက ဒေါသကို အပြီးပယ်ထားကြသူတွေ မဟုတ်လို့ ဝန်ချတောင်းပန်ပေမဲ့ လက်မခံရင် ဒါမှမဟုတ် တစ်နေရာရာကိုထွက်သွားရင် အခြားတစ်ဦးဦးဆီသွားပြီး တောင်းပန်နိုင်တယ်။

“ဘယ်ပုဂ္ဂိုလ်အပေါ် ဘယ်လိုပြစ်မှားမိခဲ့ပါတယ်။ အဲဒီအပြစ်အတွက်ဝန်ချတောင်းပန်ပါတယ် လို့ အပြစ်ကိုဖေါ်ပြပြီး တောင်းပန်ရမယ်။
တကယ်လို့ အဲဒီပုဂ္ဂိုလ် ကွယ်လွန်၊ ဒါမှမဟုတ် ပရိနိဗ္ဗာန်ပြုသွားရင်ကွယ်လွန်တဲ့နေရာ၊ ပရိနိဗ္ဗာန်ပြုတဲ့နေရာသို့သွားပြီး တောင်းပန်ရ
မယ်။

နောက်ဆုံးကုန်ကုန်ပြောရရင် မြှုပ်နှံရာ မီးသင်္ဂြိဟ်ရာ သုသာန်သို့ သွားပြီး တောင်းပန်ရမယ်။ တောင်းပန်မှသာ- သဂ္ဂန္တရာယ်မဂ္ဂန္တရာယ်ကနေ လွတ်မြောက်ပြီး ကြိုးစားအားထုတ်ရင် ဒီဘဝမှာ တရားထူးရနိုင်ခွင့်ရှိသွားတယ်။ နောင်ဘဝမှာလည်း သုဂတိသို့ရောက်နိုင်ခွင့်ရှိသွားတယ်လို့ မိန့်ဆိုထားပါတယ်။

ဒီလောက်ဆိုရင် လွန်ကျူးစော်ကားမိတဲ့အပြစ်တွေ ကန်တော့တောင်းပန်ရင် ပျောက်ပျက်သွားသလား-ဆိုတဲ့အမေးနဲ့ပတ်သက်
လို့ အတော်အသင့် လေ့လာခဲ့ပြီးပါပြီ။

ဘယ်လိုအခြေအနေမျိုးနှင့် ဘယ်လိုကန်တော့တောင်းပန်ရင် ဘယ်လိုအပြစ်တွေ ဘယ်အခြေအနေထိ ကွယ်ပျောက်တယ်ဆိုတာ အခြေခံလောက်တော့ နားလည်ရောပေါ့။

လောကလူသားအများစုဟာ ပုထုဇဉ်မျှသာဖြစ်ကြပါတယ်။ဘယ်အကုသိုလ်တရားကိုမှ အပြီးတိုင်ပယ်သတ်ထားကြတာမဟုတ်လို့ အကုသိုလ်ကိုအခြေခံတဲ့ လွန်ကျူးစော်ကားမှုတွေ လုပ်မိ နိုင်ပါတယ်။လုပ်မိတတ်ပါတယ်။

လွန်ကျူးစော်ကားမိပေမဲ့ မိမိအပြစ် ကို အပြစ်ရယ်လို့မြင်နိုင်သူ နည်းပါးလှပါတယ်။ အပြစ်လို့မြင်နိုင်တယ်ထားဦးတော့ အပြစ်ကိုထုတ်ဖေါ်ပြီး ဝန်ချတောင်းပန်နိုင်သူက ရှားရှားပါးပါးပါ။

အပြစ်ကို နည်းမျိုးစုံနဲ့ ကြိုးစားဖုံးကွယ်ကြသူတွေသာ များပါတယ်။ ဒါကြောင့်လည်း လက်ရှိဘဝမှာပင် ပြဿနာမျိုးစုံဆင်းရဲဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ကြရတာဖြစ်ပါတယ်။ နောင်တမလွန်
အတွက်လည်း ခန့်မှန်းကြည့်ရင်သိနိုင်ပြီပေါ့။

လွန်ကျူးစော်ကားမိတဲ့ အကုသိုလ်ပြစ်ဟာ အကျိုးပေးခွင့်ရပြီဆိုရင် ဘယ်သူ့ကိုမှ မျက်နှာသာမပေးပါဘူး။ ရှင်တော်မြတ်ဘုရားသော်မှ ဝိပါက်တော်ဆယ့်နှစ်မျိုး ခံစားတော်မူခဲ့ရတဲ့အဖြစ်။

ပညာအရာ ဧတဒဂ်ရ ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးပရိနိဗ္ဗာန်စံဝင်တော်မူခါနီး သွေးအန်တော်မူခဲ့ရတဲ့အဖြစ်၊ တန်ခိုးအရာဧတဒဂ်ရ ဖြစ်တော်မူတဲ့ အရှင်မောဂ္ဂလာန်မထေရ်မြတ်ကြီး သူခိုးဓားပြတွေ လုပ်ကြံမှုကို ခံခဲ့ရတဲ့အဖြစ်တွေကို ကြည့်နိုင်ပါတယ်။

ဒီသာဓကတွေကိုကြည့်ပြီး ရတနာသုံးပါး မိဘ ဆရာသမားအကျင့်မြင့်မြတ်သူ အသက်သိက္ခာကြီးသူ မိမိအပေါ်ကျေးဇူးရှိဖူးသူစတဲ့ ပုဂ္ဂိုလ်တွေအပေါ် ကာယကံပြစ် ဝစီကံပြစ် မနောကံပြစ်
မလွန်မိအောင် အထူးစောင့်စည်းသင့်ပါတယ်။ အခြားအခြားပုဂ္ဂိုလ်တွေအပေါ်လည်း ဒီအတိုင်းပဲပေါ့။

တကယ်လို့ မတော်တဆ လွန်ကျူးမိရင်လည်း အပြစ်ကိုထုတ်ဖေါ် ဝန်ချတောင်းပန်ဖို့ ဝန်မလေးသင့်ပါဘူး။ ဝန်ချတောင်းပန်မှုဟာ မိမိရဲ့ ပစ္စုပ္ပန်ကျိုး သံသရာကျိုးအတွက် မဖြစ်မနေလုပ်ရမယ့်အလုပ်လို့ နားလည်တတ်သူဖြစ်သင့်ပါတယ်။

လွန်ကျူးမိတဲ့အပြစ်အတွက် ဝန်ချတောင်းပန်ရဲသူ၊ တောင်းပန်ဖို့ ဝန်မလေးသူဖြစ်သင့်ပါတယ်…။

အရှင်နန္ဒသေနာလင်္ကာရ
သာမဏေကျော်၊ဓမ္မာစရိယ၊မဟာဓမ္မာစရိယ၊M.A ၏
ဘာသာရေးအနှစ်သာရများ(၃)မှ

မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ