ဝဋ်ကြွေးတွေရှိရင် ဒီဘဝမှာအကုန်ကြေဖို့ သီလရှင်ဝတ်မယ့် ပိုပို

တမူထူခြားတဲ့ အသံနဲ့ ပရိသတ်တွေကြား ရေပန်းစားလာတဲ့ အဆိုတော်ပိုပိုကိုတော့ လူတော်တော်များများ သိကြမယ်ထင်ပါတယ်။ လက်ရှိမှာလည်းသူ့ရဲ့သီချင်းတွေကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိုပိုတယောက်ကတော့ သူ့ရဲ့ဘဝမှာ အခက်ခဲတွေများစွာရင်ဆိုင်ခဲ့ရပြီး သူ့ကိုယ်သူသတ်သေဖို့အထိတောင် စဉ်းစားခဲ့ဖူးတယ်လို့ ရင်ဖွင့်လာခဲ့ပြီး မကြာခင်မှာလည်း ရှိသမျှ ဝဋ်ကြွေးတွေကြေဖို့ သီလရှင်ဝတ်ဦးမယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

ပိုပိုကတော့ we နဲ့အင်တာဗျူးမှာတော့ လက်ရှိအချစ်ရေးနဲ့ပတ်သက်ပြီး ” အချစ်ရေးကတော့ အတိတ်ဘဝက ဝဋ်ကြွေးတွေကို ဆပ်နေရတုန်းပါပဲ။ သိပ်ပြီးတော့ကောင်းတယ်ရယ်လို့လည်း မရှိပါဘူး။ ငယ်ငယ်တုန်းကတော့ ဘဝလက်တွဲဖော်ပုံစံကို လျှောက်ပြီးတော့ တွေးတာပေါ့။ အရပ်လေးကရှည်ချင်တယ်။ အသားလေး ကဖြူချင်တယ်။ လူကြီးလူကောင်းဆန်ချင်တယ်ပေါ့။ ငယ်ငယ်တုန်းကတော့ အဲ့လိုတွေးတယ်။ ကြီးလာတော့ ခပ်မိုက်မိုက်ယောကျာ်းပုံစံတွေ ကြိုက်လာတယ်။ အဲ့လိုမျိုးတက်တူးတွေနဲ့ အထာကျတဲ့ဘဲတွေကိုလည်း ကြိုက်တာပဲ။ အဓိကကတော့ သူရုပ်ချောပါစေ ရုပ်ဆိုးပါစေ ပိုပို့ကိုပိုပိုပြီးတော့ ချစ်ဖို့ပဲလိုတယ်။ ယောကျာ်းတယောက်က မိန်းမတယောက် အားကိုးရလောက်တဲ့ အရည်ချင်းရှိရမယ်။ ယူရမယ့် ယောကျာ်းက ချမ်းသာရမယ်ချောရမယ် မရှိပါဘူး။ ပစ္စည်းဥစ္စာက ဝယ်လို့ရတယ်။ သစ္စာတရား မေတ္တာ တရားက မဝယ်နိုင်ပါဘူး”

သီလရှင်ဝတ်ဖို့ရော ဘယ်တော့လောက်စိတ်ကူးထားလဲ ဆိုတဲ့မေးခွန်းကိုတော့ “ကိုယ်ကတော့ ၉ ရက်လောက်ဝတ်မယ်။ နောက်လမှာ ဝတ်ဖြစ်မှာပေါ့နော်။ တခြားကိုယ်နဲ့ လိုက်ပြီးတော့ဝတ်မယ့်သူတွေလည်း ဆက်သွယ်လိုက်ပါ။ ပိုက်ဆံမရှိဘူးဆိုရင်တောင် ရပါတယ်။ တခြားကိုယ့်ရဲ့ပရိသတ်တွေကို ဘာလို့ကိုယ်တိုင် ဒါယိကာမ လုပ်ချင်တာလည်းဆိုတော့ ဖေ့ဘုတ်ကနေပြီးတော့ နိဗ္ဗာန်အထိ မင်းလက်ကို တွဲသွားချင်တယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ Fan တွေကို အဲ့လိုပဲခေါ်တာပေါ့”

သီလရှင်ဝတ်ဖို့ဘာလို့ဆုံးဖြတ်ခဲ့တာလဲဆိုတဲ့ အပေါ်မှာတော့ “အသက် ၂၉ နှစ်ပြည့်တော့မယ်။ ဘဝမှာက စိတ်ဆင်းရဲစရာတွေ ပိုပြီးတော့များခဲ့တယ်။ ပျော်ရွှင်စရာဆိုတာတော်တော်နည်းပါတယ်။ မွေးကတည်းက မိဘနှစ်ပါးရဲ့ စွန့်ပစ်မှုကိုခံခဲ့ရပြီး အဖွားနဲ့နေခဲ့ရတယ်။ အချစ်ရေးကျတော့လည်း ကံမကောင်းဘူး။ ကိုယ်ကပဲ ပေးဆပ်ပြီးချစ်ရတာတွေ ပိုများတယ်ပေါ့။ အသက်ကြီးလာပြန်တော့လည်း တခုခုကြိုးစားတော့မယ်ဆို မျက်ရည်ကျပြီးမှ အောင်မြင်တာ။

လောကဓံတရားကို အများကြီးခံလာရတဲ့နောက်ပိုင်းမှာ ဘာသာရေးနဲ့ရှေ့ဆက်သွားဖို့ စဉ်းစားတာပေါ့နော်။ ကြားထဲမှာလည်း ငယ်ငယ်လေးကတည်းက ကိုယ့်ကိုကိုယ် သတ်သေချင်တဲ့ စိတ်တွေ အများကြီးဖြစ်ခဲ့ဖူးပါတယ်။ အခုချိန်မှာလည်း ငါတယောက်ထဲသုံးဖို့ငါတယောက်ထဲနေဖို့် ငါကဘာလို့ပိုက်ဆံတွေရှာနေမှာလည်းပေါ့။ အဲ့လိုမျိုး တွေးမိတယ်။ အဲ့လိုစိတ်ဓာတ်ကျနေတာထက် စာရင် ငါ့မှာပိုက်ဆံရှိတယ်။ ငါလှူလို့ရတာပဲ။ အဲ့လိုပြန်တွေးရင်းနဲ့ပဲ ဒီအသက်ရွယ်ထိနေနေတာပေါ့။

အတိတ်ဘဝက အကျိုးကြောင့် ဒီဘဝမှာအကြောင်းဖြစ်တာ။ ဒါကြောင့်ဒီဘဝမှာတော့ ဝဋ်ကြွေးကုန်အောင်ဆပ်မယ်ပေါ့။ သီလရှင်ဝတ်တာကလည်း ကိုယ်ကဆံပင်ဆိုအရမ်း မြတ်နိုးတာ ကိုယ့်ရဲ့ကိလေသတွေကို အတတ်နိုင်ဆုံး လျော့ချလိုက်တာပေါ့။ နောက်ပြီးတော့ အဖွားကိုကျေးဇူးဆပ်ချင်တာလည်း ပါတာပေါ့။ အဓိကကတော့ ဒီဘဝမှာတင် ဝဋ်ကြွေးတွေကြေချင်တယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Share From nanmalgyi