စတူဒီယိုအပါ သိန်း ၅၀၀၀ တန် အိမ်ဆောက်ဖြစ်တဲ့ အကြောင်း ပြောပြတဲ့ ပိုပို

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ချစ်သူချောချောလေးကို ပရိသတ်တွေဆီ အလင်းပြခဲ့တဲ့ ပိုပိုက လတ်တလော ဆောက်လုပ်နေတဲ့ အိမ်ရဲ့ တန်ဖိုးကို ပြောပြပြီး ပရိသတ်တွေ အံ့သြစေခဲ့ပါတယ်။ အဖေနဲ့ အမေ မရှိတော့ဘဲ မိန်းကလေးတစ်ယောက်တည်း ရပ်တည်နေရပေမဲ့ ကိုယ့်စွမ်းကိုယ်စနဲ့ တန်ဖိုးကြီးမားတဲ့ အိမ်တစ်လုံး ဆောက်နိုင်တယ်ဆိုတာ ဂုဏ်ယူစရာပါပဲ။ တစ်ဖက်မှာလည်း မိန်းကလေးတစ်ယောက်တည်းမို့ ဆောက်လုပ်ရေး ကြီးကြပ်တဲ့နေရာမှာ အခက်အခဲ ရှိကြောင်း ပိုပိုက ခုလို ရင်ဖွင့်သွားပါတယ်။

“အိမ်ဆောက်နေတာက လွန်ခဲ့တဲ့ တစ်နှစ်လောက်ကစပြီး ဆောက်တာ။ ဒီတစ်နှစ်ဆို ပြီးတော့မယ်။ သုံးထပ် ဆောက်တာ။ အောက်ထပ်ကတော့ စတူဒီယိုပေါ့။ ကိုယ်ကိုယ်တိုင်ကလည်း အနုပညာ အလုပ်လုပ်တယ်။ ဂီတနဲ့ ပတ်သက်ပြီး လုပ်ချင်တဲ့သူတွေ ရှိလို့ ရှိရင်လည်း လုပ်လို့ရအောင် စတူဒီယို ဆောက်ပေးတာပါ။

နောက်ထပ် ဆယ်ရက် ဆယ့်ငါးရက်လောက်ဆိုရင် ပြီးတော့မယ်။ အိမ်ဆောက်တာက တော်တော် အလုပ်ရှုပ်တယ်။ ပင်လည်းပင်ပန်းတယ်။ ပြီးကာနီးက ပိုဆိုးတာ။ ကိုယ်တပ်ချင်တဲ့ မီးတိုင်လေးတွေ ရှာပြီး ဘယ်လိုအရောင် ဘယ်လိုလိုက်ကာ လုပ်မှာလဲ။ တံခါးဆိုဒ်တွေ အများကြီး လိုက်လုပ်ရတာ တော်တော်ပင်ပန်းတယ်။ ဒီရက်ပိုင်း စန္ဒယားလည်း မသင်နိုင်ဘူး။ အိမ်ဆောက်တဲ့ အလုပ်နဲ့ပဲ သီချင်းဖျော်ဖြေတဲ့ အလုပ် ၂ ခုနဲ့ပဲ တိုင်ပတ်နေတာ။

ပိုပိုထင်တာ အများကြီးတော့ မရှိပါဘူး။ သိန်း ၅ ထောင်လောက်ပါပဲ။ ကြွားတာ မဟုတ်ဘူးနော်။ ဖြည်းဖြည်းချင်း စုထားတဲ့ ပိုက်ဆံလေးတွေကို ခြံဝယ်လိုက် ဘဏ်ပိုက်ဆံချေးလိုက်နဲ့ ဆောက်ထားတာ။ ပိုပိုတို့က မိုးတွင်းဆိုရင် အလုပ်ပါးသွားပြီ။ ပွင့်လင်းရာသီ ကာလမှာ ပိုက်ဆံရှာရတယ် ဆိုတော့ နည်းနည်းချင်းစီ ထည့်ထည့်ရင်းနဲ့ အိမ်လေးကိုဆောက်တာ။

အခက်အခဲက ရှိတာပေါ့။ မိန်းကလေး တစ်ယောက်တည်းလည်း ဖြစ်တယ်။ အဖေအမေ တွေလည်း မရှိဘူး။ တကယ်လို့ သူများသာ အဖေအမေရှိရင် ကိုယ်က ပိုက်ဆံရှာရုံပဲ။ ရော့ အဖေ အမေ ဆိုပြီး အိမ်ဆောက်လို့ရတာ။ အခုဟာကကျတော့ ကိုယ်ကိုယ်တိုင် လိုက်ပြောလိုက်လုပ်နေရတာ။ အမှန်အတိုင်း ပြောရရင် ကိုယ်က အိမ်ဆောက်တဲ့အလုပ်ကို နားလည်း မလည်းဘူး။ သိလည်း မသိဘူး။ စိတ်လည်း မဝင်စားခဲ့ဖူးဘူး။ အဝေးဆုံးက အရာကြီးတစ်ခုကို နားမလည်လည်း နားလည်အောင်လုပ်ရင်း နောက်ထပ်အိမ်တစ်လုံး ထပ်ဆောက်ရင် နားလည်လောက်ပါပြီ။” ဆိုပြီး ရင်ဖွင့်သွားခဲ့ပါတယ်။

ပိုပိုကိုယ်တိုင် အပင်ပန်းခံ ခေါင်းစားထားတဲ့ စတူဒီယိုနဲ့ အိမ်ကြီးက ဘယ်လိုများ အမိုက်စား ဖြစ်နေမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Share From nanmalgyi