You are here
Home > KNOWLEDGE > သင်မသိသေးတဲ့ ပါးချိုင့်လေးတွေရဲ့ အဓိပ္ပါယ်

သင်မသိသေးတဲ့ ပါးချိုင့်လေးတွေရဲ့ အဓိပ္ပါယ်

ကမ္ဘာ့လူဦးရေရဲ့ 20% အထိ ပါးချိုင့်ပါတယ်လို့ ဆိုပါတယ်။ တကယ့်လက်တွေ့နဲ့တော့ နီးစပ်မှုမရှိတဲ့ ကိန်းဂဏန်းဖြစ်မယ် ထင်ပါတယ်။ 20% ဆိုတဲ့ ပမာဏဟာ လူ 100 မှာ အယောက် 20 တောင် ပါးချိုင့်ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါပေမယ့် လူတွေတော်တော်များများက ပါးချိုင့်ကို အတော်မြတ်နိုးကြပါတယ်။ ပါးချိုင့်ပါတဲ့သူတွေဟာ လူတွေရဲ့စိတ်ကို စွဲစွဲထင်ထင် မှတ်မိစေတဲ့အထိ စိတ်အာရုံကို လွှမ်းမိုးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ပါးချိုင့်နဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေကို Shwemom ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပါးချိုင့်ဆိုသည်မှာ မျက်နှာပြင် ကြွက်သားချို့ယွင်းမှုရောဂါ

ဆေးပညာရှင်တွေ အမြင်အရတော့ ပါးချိုင့်ဆိုတာ မျက်နှာပြင်ကြွက်သားချို့ယွင်းမှုကြောင့် ဖြစ်လာရတဲ့ အမှတ်အသားလို့ ဆိုပါတယ်။ မျိုးရိုးလိုက်တတ်တဲ့ ရောဂါဖြစ်ပြီး၊ မျက်နှာပြင်ကြွက်သားပိုင်း မူမမှန်ရာကနေ အချိုင့်လေးဖြစ်ပြီး ကျန်ခဲ့တာလို့ ဆိုထားပါတယ်။

ပါးချိုင့်လုပ်တဲ့စက်

1936 ခုနှစ်မှာ ပါးချိုင့်တစ်ခေတ်ဆန်းခဲ့ပါတယ်။ အမျိုးသမီးတွေဟာ ပါးချိုင့်ပါရင် ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ခံယူခဲ့ကြပါတယ်။ ဒီလိုနဲ့ ပါးချိုင့်ပါလိုတဲ့ အမျိုးသမီးတွေဟာ ရာခိုင်နှုန်းတစ်ဝက်ကျော်လောက် ရှိခဲ့တယ်လို့တောင် ဆိုပါတယ်။ ဒါကြောင့် Isabella Gilbert ဆိုတဲ့ အမျိုးသမီးဟာ ပါးချိုင့်စက်ကို တီထွင်ခဲ့ပါတယ်။ အင်ဂျင်တွေ မော်တာတွေပါတဲ့ စက်တော့ မဟုတ်ပါဘူး။ ပါးနှစ်ဘက်ကို အဖုအချွန်လေးလုပ်ထားတဲ့ သတ္တုပြားနဲ့ သိုင်းညှပ်ထားရတဲ့ ကိရိယာပါ။ အပြင်ကိုမသွားခင် တစ်နာရီလောက် ကြိုပြီး ညှပ်ထားကြလေ့ရှိပါတယ်တဲ့။

ပါးချိုင့်ကြောင့် အရွယ်တင်နုပျိုတယ်လို့ အထင်ခံရတယ်

ပါးချိုင့်ပါတဲ့သူဟာ သာမန်လူတွေထက် အရွယ်တင်နုပျိုတယ်လို့ ထင်ခံရလေ့ရှိတယ်လို့ ဆိုပါတယ်။ နောက်ပြီး ပါးချိုင့်ပါတဲ့သူတွေတော်တော်များများက ကလေးဆန်ဆန်နေတတ်ကြလို့ ဒီလိုဖြစ်စေတာလို့လည်း ဆိုပါတယ်။ ပါးချိုင့်ပါတဲ့သူတွေဟာ လက်ရှိအသက်အရွယ်ထက်ကို ပိုပြီးငယ်တယ်လို့ ယူဆခြင်းခံရပြီး၊ အရေးပေးခံရလေ့ရှိပါတယ်တဲ့။

နိုင်ငံတိုင်းရဲ့ ယဉ်ကျေးမှုအရ ပါးချိုင့်ဟာ ကံကောင်းခြင်းအဓိပ္ပါယ်

နိုင်ငံတိုင်းဟာ ပါးချိုင့်ကို ကံကောင်းတဲ့သင်္ကေတအဖြစ် သတ်မှတ်ကြပါတယ်။ ပါးချိုင့်ပါတဲ့သူတွေဆိုရင် ယေဘုယျကိုယ်က ကံကောင်းပြီးသားလူတွေ၊ ကောင်းတဲ့ကံတွေနဲ့ လူ့လောကထဲရောက်လာတဲ့သူတွေကို မှတ်ယူကြပါတယ်။ ပါးချိုင့်ပါတဲ့သူတွေဟာ လူချစ်လူခင် ပေါများပြီး သာမန်လူတွေထက် ဆွဲဆောင်နိုင်မှု ပိုကြတယ်၊ စန်းပွင့်ကြတယ်လို့ အယူရှိကြပါတယ်။

credit – shwemom

Share From Lucky Myanmar

Top
//meenetiy.com/4/3018672