ဧည့်သည် ရုပ်ရှင်ကားကြီးရဲ့ အပြောင် review ကို တုံ့ပြန်လိုက်တဲ့ နေခြည်ဦး

7th Sense Creation က ရိုက်ကူးထုတ်လုပ်တဲ့ ဧည့်သည် ရုပ်ရှင်ကားကြီးမှာတော့ နေခြည်ဦး ၊ ရွှေနှစ်ရွှေနဲ့ ဖြိုးငွေစိုးတို့ အဓိက ပါဝင်ထားပါတယ်။ တစ်နိုင်ငံလုံးမှာ ရုံတင်ပြသပြီးနောက်မှာတော့ ရုပ်ရှင်ကားကြီးရဲ့ review ကို အကောင့်ပိုင်ရှင် လင်းညီည က ဝေဖန်ရေးသားထားပါတယ်။ တစ်ကားလုံးမှာ တစ်ယောက်ပြီး တစ်ယောက် ငိုငိုပြနေတဲ့ အခန်းတွေပဲ များတာကြောင့် ကြည့်ရတာ မတန်လို့ မချိတင်ကဲဖြစ်ပြီး ငို ရကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

review ဖတ်တာနဲ့တင် တစ်ကားလုံး သွားကြည့်စရာမလိုတော့လို့ ဝမ်းသာပြီး ငို ရတာကြောင့် share တဲ့သူ အရေအတွက် သောင်းချီ ဖြစ်နေတာ ပါ။ ဒါနဲ့ ပတ်သက်ပြီး နေခြည်ဦးက ခုလို ပြောပြသွားပါတယ်။

“တစ်ကားလုံးငို ဟိုတစ်ယောက်လည်းငို ဒီတစ်ယောက်လည်းငို ငါလည်း ကြည့်ပြီးငို ဆိုတော့။ ဒီနေ့မနက်ပဲ ဖတ်လာတာ ။ share တဲ့သူတွေလည်း အများကြီးပဲဆိုတော့ ဟာသအနေနဲ့ပဲ ဖတ်ဖတ် စပ်စုချင်လို့ပဲ ဖတ်ဖတ် ပါဝင်တဲ့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ နေခြည် ကျေးဇူးတင်တယ်။ အဲ့လိုမျိုး review လေးတွေ တွေ့တော့ ကိုယ်ဘာမှားလည်း ဘာလိုလည်း သိရတယ်။ နေခြည်ဖတ်ရတာက ဝေဖန်တဲ့သဘောမဟုတ်ဘဲ ဖျော်ဖြေတဲ့သဘော review ပေးထားတော့ ကျေးဇူးတင်ပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ဧည့်သည်ရုပ်ရှင်ကားကြီးကို အားပေးလို့ ကျေးဇူးတင်ကြောင်းလည်း နေခြည်ဦးက ခုလို ပြောပြသွားပါတယ်။

“ဧည့်သည်ဇာတ်ကားကြီးကို ဝက်ဝက်ကွဲ အားပေးတာ မြင်ရတယ်။ Midnight show တွေလည်း လုပ်တယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ ရန်ကုန် မန္တလေးမှာ ရှိတဲ့ မတင်တဲ့ ရုံတွေကတောင် တင်ပြီး support ပေးတဲ့အတွက် ပရိုဂျူဆာတွေ ကိုယ်စား ကျေးဇူးတင်ပါတယ်။ နှင်းနုကိုယ်စားလည်း နေခြည်က ကျေးဇူးတင်ပါတယ်။” လို့ ဆိုပါတယ်။

နေခြည်ဦးက နေတိုးနဲ့ ကားရိုက်မှု ရှိတာကြောင့် ပရိသတ်တွေနဲ့ တူတူ ဧည့်သည် ရုပ်ရှင်ကားကြီးကို မကြည့်ရသေးကြောင်း ပြောပြသွားပါတယ်။

Share From nanmalgyi