ဆင်ဆာတွေအပိတ်ခံရလည်း ဆက်လုပ်ဦးမယ်ဆိုတဲ့ ယုန်လေး

အဆိုတော် ယုန်လေးက အနုပညာလောကထဲကို ဝင်ရောက်လာတာ ကြာပြီဖြစ်သလို လက်ရှိမှာလည်း ကိုယ်တိုင် ဒါရိုက်တာ တယောက်အဖြစ် ထိပ်တန်းမင်းသားတွေနဲ့ တွဲပြီးတော့ သရုပ်ဆောင်နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အက်ရှင်ကား ခပ်ကြမ်းကြမ်းတွေကို အမြဲတမ်းလိုလို ရိုက်တဲ့ ယုန်လေးတယောက်ကတော့ သူ့ဇာတ်ကားတွေက ဆင်ဆာအမြဲထိခံရတာလည်း ပရိသတ်တွေ သိကြမှာပါ။ ဒီတခေါက် ရုံတင်မယ့် သတိအန္တရာယ်ရှိသည် ဆိုတဲ့ ဇာတ်ကားကလည်း ဆင်ဆာထိခဲ့ပြီး လက်ရှိချိန်မှ ဆင်ဆာ ပြန်ရတာ ဖြစ်ပါတယ်။ ယုန်လေးအနေနဲ့ ဒီလိုဆင်ဆာတွေ ထိလည်း နောက်လည်း ဆက်ရိုက်သွားမယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။

ယုန်လေးကတော့ KZ Media နဲ့ အင်တာဗျူးမှာတော့ သတိအန္တရာယ်ရှိသည် ဇာတ်ကား ရုံတင်နောက်ကျရခြင်းအပေါ် “ဆင်ဆာမရတာကတော့ ကျနော်တို့ ၃ လ ၄ လ လောက် အချိန်ကြာသွားတယ်။ တကယ်လို့ အဲ့မှာ မြန်မြန်ရရင် ဒီထက်ပိုပြီး ရုံတင်ရက်စောမှာပေါ့။ ဒါပေမယ့်လည်း ကျနော်တို့ ကျေနပ်ပါတယ်။ တကားလုံးမပိတ်ခံရတဲ့အတွက် ရုံပေါ်ရောက်လာမှာမို့ ကျေနပ်ပါတယ်”

ဇာတ်ကားမှာ ပေးချင်တဲ့ မက်ဆေ့ခ်ျနဲ့ ပတ်သက်ပြီး “အကို တယောက်ပြောဖူးတယ်ဗျာ။ ဇာတ်ကားတွေ ရိုက်တာက မင်းတို့ Entertainment လုပ်မှာလား ကျောင်းဆရာ လုပ်မှာလားတဲ့။ အဲ့စကားကို ကျနော်ကြိုက်သွားတယ်။

ကျနော်ဇာတ်ကားတွေက မက်ဆေ့ခ်ျကို ပေးချင်လည်းပေးမယ်။ မပေးချင်လည်း မပေးဘူး။ Entertainment ကို ဦးတည်တဲ့အတွက် ဒါပေမယ့်ကျနော်တို့အနေနဲ့ အမြဲတမ်းကြီး ရမ်းကားနေလို့တော့ မရဘူးပေါ့နော်။ ဒါပေမယ့်လည်း လူတွေ ပြောနေတဲ့ မက်ဆေ့ခ်ျပေးနိုင်တဲ့ကားဆိုလည်း ထိထိရောက်ရောက်ဖြစ်အောင် ကျနော်တို့လုပ်မယ်ပေးမယ်။ အမြဲတမ်းတော့ အဲ့လိုအတွက် လုပ်နေမှာ မဟုတ်ပါဘူး။

ဆင်ဆာတွေ မဆင်ဆာ တာတွေကို ဘေးဖယ်ထားတယ်။ လွတ်လပ်စွာတွေးမယ်။ မိုက်တဲ့ဟာတွေကို ဖန်တီးမယ်။ တွေးမှလည်း အတွေးတွေ ထွက်လာမှာ တခုခုတွေးပြီး ဒါမရဘူးထင်ပါတယ် စဉ်းစားနေရင်တော့ ကျနော်တို့ဘာမှဖြစ်တော့မှာ မဟုတ်တော့ဘူး။

အဲ့အတွက် အပိတ်ခံရလည်း ကျနော်ဆက်လုပ်ဦးမှာပဲ။ ဒါကိုပိတ်လို့ ဆက်လုပ်ခွင့်မရတော့ရင် လွတ်လွတ်လပ်လပ် ဖန်တီးခွင့်မရရင် ဒီလောကကြီးကနေ ထွက်ဖို့ပဲ ရှိတော့တယ်။ လုပ်ချင်တိုင်းလုပ်ချင်တာ။ လုပ်ချင်တိုင်းလုပ်လို့မရတဲ့အထဲမှာတော့ ကျနော်တို့ လုပ်လို့ရတဲ့ဟာလေးကို တတ်နိုင်သလောက် ကြိုးစားပြီးတော့ လုပ်ရတာပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်။

Share From nanmalgyi