ရေဘေးရန်ပုံငွေဘောလုံးပွဲမှ ရရှိသည့် သိန်း(၅၆၀) ကို ပြည်ထောင်စုဝန်ကြီးထံ လွှဲပြောင်းပေးအပ်






UNICODE

ပြီးခဲ့တဲ့ သြဂုတ်လ(၂၄) ရက်နေ့က ကျင်းပပြုလုပ်တဲ့ မွန်ပြည်နယ်ရေဘေးကယ်ဆယ်ရေး ရန်ပုံငွေ ဘောလုံးပွဲကြီးကတော့ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်များကလည်း စည်းစည်းလုံးလုံး ရှိကြသလို လာရောက်အားပေးကြတဲ့ ပရိသတ်တွေ အများအပြားနဲ့ ပျော်ပျော်ရွှင်ရွှင် ပြီးဆုံးသွားတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ(၃၁) ရက်နေ့မှာတော့ Myanmar Media 7 နှင့် အနုပညာရှင်များမှ စီစဉ်သည့် ရန်ပုံငွေ ဘောလုံးပွဲနဲ့ ဂီတဖျော်ဖြေပွဲမှ ရရှိတဲ့ အလှူငွေတွေကို ပြည်ထောင်စုဝန်ကြီးထံ လှူဒါန်းခဲ့ပါတယ်။

ရံပုံငွေဘောလုံးပွဲနှင့် ဂီတဖျော်ဖြေပွဲမှ ရရှိလာသော အလှူငွေ သိန်း ၅၆၀ ကျပ် အား မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများသို့ လှူဒါန်းနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဆီသို့လွှဲပြောင်းလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ထိုပွဲလေးကို အနုပညာရှင်များဖြစ်တဲ့ ခင်ဝင့်ဝါ၊ ပိုးမမှီသာ၊ မေတိုးခိုင်နဲ့ ထွန်းထွန်းတို့က တက်ရောက်ပါဝင်လာတာကို တွေ့ရပါတယ်။

မိဘပြည်သူများနဲ့ အနုပညာရှင်များ စုပေါင်းပြီး လှူဒါန်းတဲ့ အလှူလေးကတော့ ရေဘေးသင့်ပြည်သူတွေဆီ မကြာမီအချိန်အတွင်း ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီပိုစ့်လေးကိုဖတ်ပြီး ပီတိဖြစ် သာဓုခေါ်နိုင်ကြပါစေနော်။

Source: 7th sense creation,CRD-MOMOLAY