
သူရဲကောင်းဆိုတာ ဘယ်တော့မှာ မျိုးတုံးပျောက်ကွယ်မသွားဘူး။ သူရဲကောင်းတွေအတွက် ဘယ်လိုအတားအဆီးမျိုးမှ ရှိမနေပါဘူး။ ယုံကြည်ချက်တစ်ခုကို ဆွဲကိုင်လို့ မိုးမျှော်အိပ်မက်တွေရဲ့ လားရာလမ်းအတိုင်း ရဲရဲဝံ့ဝံ့ လျှောက်လှမ်းမယ်ဆိုတာ အပျော်ဖတ်ဝတ္တုမဟုတ်ဘူး။ အပျင်းပြေကြည့်ရုံလောက်နဲ့ ပြီးသွားမယ့် ရုပ်ရှင်ဇာတ်ကားတစ်ကားမဟုတ်ဘူး။ ဒီလိုနဲ့ မြန်မာပြည်တွင်းက ကြယ်ပွင့်လေးတစ်ပွင့်ဟာ ပြည်ပကောင်းကင်ယံ ထွန်းလင်းတောက်ပနေခဲ့ပြန်တယ်။
သူ့နာမည်က ဆိုင်းရပ်စ်ဖြစ်ပြီး ကချင်လူမျိုးတိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားခဲ့တာပါ။ ဆိုင်းရပ်စ်က ဖလမ်းလူမျိုးတိုင်းရင်းသားဖြစ်ပြီး ငယ်စဉ်အရွုယ်ကတည်းက ဘောလုံးကိုရူးသွပ်စွဲလန်းခဲ့သူပါ။ ဒီလိုနဲ့ အခြေအနေတစ်ခုကြောင့် ဆိုင်းရပ်စ်တို့မိသားစု သြစတြေးလျနိုင်ငံကို ရွှေ့ပြောင်းခဲ့ရပါတယ်။
ဆိုင်းရပ်စ်ရဲ့ အိပ်မက်တွေက အသက် (၁၀) နှစ်အရွယ်မှာ စပြီးအကောင်အထည်ပေါ်လာပါတယ်။ ဘောလုံးနဲ့ ပတ်သက်တဲ့ပါရမီပါတဲ့ဆိုင်းရပ်စ်ဟာ ဘောလုံးကန်ပြီဆိုတာနဲ့ သူငယ်ချင်းတွေကြားမှာ ရေပန်းစားသူဖြစ်ပါတယ်။
အဲဒီနောက် ဆိုင်းရပ်စ်ဟာ သူနေထိုင်ရာဒေသက Brisbane နဲ့အတူ လူငယ်ကမ္ဘာ့ဖလားလို့ တင်စားခေါ်ဝေါ်ရမယ့် ၂၀၁၇ ခုနှစ်အတွင်း စပိန်နိုင်ငံမှာ ကျင်းပခဲတဲ့ Donosti Cup ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီမှာ ဆိုင်းရပ်စ်တို့အသင်းဟာ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ကွာတားဖိုင်နယ်မှာတော့ အမေရိကန်ကို ရှုံးနိမ့်သွားခဲ့ရတယ်။
အဲဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ပြီးတဲ့နောက်မှာ သြစတြေးလျကလပ်အသင်းတွေက ဆိုင်းရပ်စ်ကို သတိထားမိလာခဲ့ကြပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ သြစတြေးလျရဲ့အမြင့်ဆုံးလိဂ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ အေ-လိဂ်ကလပ် Brisbane Roar အသင်းက တခြားအသင်းတွေထက် လက်ဦးမှုရယူကာ ခေါ်ယူနိုင်ခဲ့တယ်။
မြန်မာပြည်နဲ့ စိမ်းပေမယ့် ဆိုင်းရပ်စ်ရဲ့စိတ်ထဲမှာတော့ မြန်မာဆိုတာအမြဲတမ်းရှိသူပါ။ ဘယ်အချိန်သွားမေးမေး ဆိုင်းရပ်စ်ဟာ သူ့ကိုယ်သူ “ကျွန်တော်က မြန်မာကပါ။ ပြီးတော့ ကချင်တိုင်းရင်းသား”လို့ အမြဲပြောဆိုတတ်လေ့ရှိပါတယ်။ မြန်မာကစားသမားတွေထဲမှာတော့ အောင်သူကို အကြိုက်ဆုံးဖြစ်တယ်လို့ ဆိုင်းရပ်စ်က ဖွင့်ဟခဲ့ပါတယ်။
အသက် (၁၃) နှစ်အရွယ်ဆိုင်းရပ်စ်ရဲ့ ရည်မှန်းချက်ကတော့ ကြီးမားပါတယ်။ သြစတြေးလျရဲ့ အဆင့်မြင့်ဆုံး အေ-လိဂ်မှာ အမြင့်ဆုံးပျံသန်းပြီး အခွင့်အရေးရခဲ့ရင် မြန်မာ့လက်ရွေးစင်အသင်းကို ကိုယ်စားပြုချင်တယ်လို့ သူကဆိုပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဆိုင်းရပ်စ်ဟာ နည်းစနစ်ပိုင်း ကျွမ်းကျင်သူလို့ ဆိုရပါမယ်။ အသက်အရွယ်နဲ့မလိုက်အောင် ဘောလုံးပေးပို့ရာမှာ အကွက်မြင်သူဖြစ်ပြီး လုပ်ရည်ကိုင်ရည်ရှိသူပါ။
ကချင်တိုင်းရင်းသားလေးဆိုင်းရပ်စ်ရဲ့ အနာဂတ်လမ်းကတော့ ဖြောင့်ဖြူးနေပါပြီ။ “အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် မြန်မာ့လက်ရွေးစင်အသင်းကို ကိုယ်စားပြုချင်တယ်”လို့ ဖွင့်ဟခဲ့သူ ဆိုင်းရပ်စ်ရဲ့ ရင်ထဲမှာ မြန်မာသွေးတွေဟာ အပြည့်အ၀စီးဆင်းနေတာဖြစ်ပါတယ်။ ဆိုင်းရပ်စ်ကို ထူးချွန်တဲ့လူငယ်တစ်ယောက်ကိုသာ ရလိုက်မယ်ဆိုရင် ဒါဟာ မြန်မာအသင်းအတွက်လည်း တော်တော်လေး အကျိုးရှိမယ့်ကိစ္စဖြစ်လာမှာပါ။
ဆိုင်းရပ်စ်ရဲ့ခြေစွမ်း