ကြက်သွန်ဖြူကို ပျားရည်နဲ့ စိမ်စားသင့်သလား..ဘယ်အချိန်တွေမှာ စားရင်ဆေးဘက်ဝင်သလဲဆိုတာ..

ကြက်သွန်ဖြူကို ပျားရည်စိမ် စားလျှင် ဖတ်ထားပါ

ကြက်သွန်ဖြူကို ပျားရည်နဲ့ စိမ်စားသင့်သလား

အထက်ပါမေးခွန်းကိုစိစစ်ကြည့်လျှင်

၁။ ကြက်သွန်ဖြူ၏ဂုဏ်သတ္တိ၊ ၂။ ပျားရည်၏ဂုဏ်သတ္တိ၊ ၃။ ကြက်သွန်ဖြူကို ပျားရည်တွင်စိမ်ထားရာ၌ပြောင်းလဲမှု၊ ၄။ စားသုံးရန်သင့်မသင့် ဟူ၍ အပိုင်းလေးပိုင်းပါဝင်နေပါသည်။

(၁) ကြက်သွန်ဖြူ၏ သဘာဝကိုဆန်းစစ်ကြည့်လျှင် မြေထွက်ဥတစ်မျိုးဖြစ်၍ ပထဝီဓာတ်အားရှိနေသည်။ အရသာပူစပ်ပြီး အရောင်ဖြူနေသဖြင့် တေဇောဓာတ်အားကောင်း နေသည်။ ဥတစ်လုံးမဟုတ်သော ကြက်သွန်ဖြူတွင် အမွှာကလေးများ ပါဝင် နေသောကြောင့် အာကာသဓာတ် အားဖြည့်နေပါသည်။

(၂) ပျားရည်၏ သဘာဝကိုဆန်းစစ်ကြည့်လျှင် အမျိုးအစားကွဲပြားခြားနားမှု များစွာတွေ့ရှိရမည်ဖြစ်သည်။ တောပန်းတောင်ပန်းများ၏ ဝတ်ရည်မှစုပ်ယူရရှိသော သဘာဝပျားရည် သည်ပင်လျှင် ပျားကြီးပျားရည်နှင့် ပျားလေးပျားရည်အုပ်စုနှစ်စုတွေ့ရသည်။ မွေးပျားရည်တွင်လည်း ဝတ်ရည်ရရှိရာအရင်းအမြစ်မတူညီတတ်ပါ။ ဆီးသီးခြံအနီး၊ နေကြာပန်းခင်းအနီး စသည်ဖြင့် စိုက်ခင်းများနှင့်ယှဉ်တွဲပြီး မွေးမြူထုတ်လုပ်လေ့ရှိကြသည်။

မိမိလက်ဝယ်ရရှိထားသော ပျားရည်၏ အရင်းအမြစ်ကို သိနိုင်မှုမရှိ သည့်အခါမျိုးတွင်အရောင်အဆင်းနှင့်အရသာတို့ကို စိစစ်ပြီ်းပါဝင်ဦးဆောင်နေသော ဓာတ်သဘာဝများကို အကဲဖြတ်ရမည်ဖြစ်သည်။ အရောင်အညိုရင့်ဖြစ်ခြင်း၊ အရသာအချိုးလေးခြင်း၊ ပျားဖယောင်းပါဝင်မမှုများခြင်း၊ အနယ်ထိုင်မှုများခြင်းတို့တွေ့ရလျှင် ပထဝီဓာတ်ဦးဆောင် သောပျားရည်ဖြစ်သည်။ အရောင်ပျော့ခြင်း၊ အရသာအနည်းငယ်ချဉ်ခြင်းရှိလျှင် တေဇောဓာတ် ဦးဆောင်သော ပျားရည်ဖြစ်မည်။ အရောင်ဝါပြီး ကြည်လင်ခြင်း၊ အရသာချိုအေးခြင်း၊ ပုလင်းအဝအနီးတွင် အမြုပ်လေပူဖောင်းများရှိနေခြင်းတို့ကိုတွေ့ရပါက အာပေါဓာတ်နှင့် ဝါယောဓာတ်ဦးဆောင်သော ပျားရည်ဖြစ်ပါမည်။

(၃) ကြက်သွန်ဖြူကို ပျားရည်တွင်စိမ်သည့်အခါ အချိုးအဆနှင့်အချိန်ကာလ ကြာမြင့်မှုတို့အပြင် ထားသိုထိမ်းသိမ်းသည့်နေရာဌာနနှင့် နည်းစနစ် အပေါ်မူတည်ပြီး ဓာတ်ပြောင်းလဲမှုအမျိုးမျိုးဖြစ်ပေါ်နိုင်ပါသည်။ ကြက် သွန်ဖြူအနည်းအများ၊ ပျားရည်ပမာဏ၊ နှစ်ရှည်လများစိမ်ထားခြင်း၊ လေလုံခြင်း မလုံခြင်း၊ အေး၍ခြောက်သွေ့သောနေရာတွင် ထားခြင်းမထားခြင်းစသည်တို့ကွာခြားသည်နှင့်အမျှ ဂုဏ်သတ္တိများကွဲပြားသွားမည်ဖြစ်ပါသည်။

(၄) စာသုံးရန်သင့်မသင့်ဆုံးဖြတ်မှုသည် အထက်ပါမေးခွန်းအတွက် အရေး အရေးအကြီးဆုံးအဖြေဖြစ်သည်။ ယခုခေတ်ကာလသည် ကံတည်းဟူသောအကြောင်းခံ စိတ်တည်း ဟူ သောအကြောင်း၊ ပေါင်းရုပ်ဖြစ်ကြောင်းတရား ၄ ပါးစလုံးအပူဓာတ် (တေဇောဓာတ်)လွန်ကဲနေသော ခေတ်ကာလဖြစ်သည်။ မွေ့ယာဖြင့် အိပ်ခြင်း၊ နေပူထဲတွင် ထီး၊ ဦးထုပ် စသည်မဆောင်းဘဲသွားလာခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်း၊ အတွေ့အထိပူသော အဝတ်အစားဝတ်ဆင်ခြင်း၊ အပူဓာတ်များသော အမွှေးနံ့သာမိတ်ကပ်စသည်လိမ်းကျံခြင်းတို့သည် ကံပူများဖြစ်ကြသည်။

ပူပန်စိုးရိမ်ခြင်း၊ ပူဆွေးသောကရောက်ခြင်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်း စသည်တို့သည် စိတ်ပူများဖြစ်ကြသည်။ ရာသီဥတုပူပြင်းခြင်း၊ ရေနံညှော်၊ အပူညှော်များဖြင့်ပြည့်နှက်ညစ်ညမ်းသော လေထုကို ရှူရှိုက်နေရခြင်းစသည်တို့ သည် ဥတုပူများဖြစ်ကြသည်။

အာပူ လျှာပူ၊ မုန့်တီ၊ ချဉ်ငန်စပ်၊ ရှုးရှဲ၊ စပ်ရှိန်း၊ သင်္ဘောသီးထောင်း၊ မာလာရှမ်းကော၊ ဟင်းခါးစသည်တို့ အစားများခြင်းသည် အာဟာရပူများဖြစ် ကြသည်။

ဤကဲ့သို့သော အကြောင်းတရားအပူများလွန်ကဲလာသည်နှင့်အမျှ ရုပ်ခန္ဓာ တွင် အာပေါဓာတ်များယုတ်လျော့ခန်းခြောက်လာကာ ရောဂါမျိုးစုံဖြစ်ပွားခံစား နေကြရသည်ကိုတွေ့ရှိရသည်။

သုံးံဆင့်ဆက်ခတ်သဘောတရားအရ ဓာတ်(၇)ပါးဖြင့်ရှင်သန်ရပ်တည်နေရ သော လူ့ခန္ဓာတွင် တေဇောဓာတ်လွန်ကဲမှုနှင့်အတူ မိဿကသည်းခြေဓာတ် နှင့် အာကာသဓာတ်လွန်ကဲခြင်း၊ အာပေါဓာတ်ယုတ်လျော့မှုနှင့်အတူ မိဿက ဝါယောဓာတ်၊ အာဟာရဓာတ်များယုတ်လျော့ခြင်း၊ ပထဝီဓာတ်ငုပ်သွား ခြင်းဖြစ်ရပ်များဖြစ်ထွန်းလာပါသည်။ သြ/သုဆေးပညာအရ ငုပ်ဓာတ်ပထဝီ၊ လွန်ဓာတ်တေဇော၊ သည်းခြေ၊ အာကာသဓာတ်ကြိုက်အစားအစားများစား သုံးခြင်းကို ရပ်တန့်ရှောင်ရှားရမည်ဖြစ်ပြီး ယုတ်ဓာတ်အာပေါ၊ ဝါယော၊ အာဟာရ ဓာတ်ကြိုက်အစားအစာများဖြည့်ဆည်းစားသုံးပေးမှသာ အနာရောဂါများသက်သာ ပျောက်ကင်းနိုင်မည်ဖြစ်သည်။

ပထဝီဓာတ်အားရှိ၊ တေဇောဓာတ်အားကောင်း၊ အာကာသဓာတ်အားပြည့် နေသော ကြက်သွန်ဖြူသည်လူအများစုတွင် ဖြစ်ပွားနေသော အာပေါဓာတ် ယုတ်လျော့ခန်းခြောက်နေသည့် အာပေါသမုဋ္ဌာန်ရောဂါအတွက် အထူးရှောင် ကြဉ်သင့်သော အစာအုပ်စုတွင်ပါဝင်နေသည်။ ပထဝီဓာတ်၊ တေဇောဓာတ် အားကောင်းသော ပျားရည်အမျိုးအစားနှင့် အလုံပိတ်ပြီးကာလကြာရှည်စွာ စိမ်ကာစားသုံးမည်ဆိုပါက ဆေးဖက်မဝင်နိုင်သည့်အပြင် ရောဂါငယ်လျှင်ကြီး လာ ရောဂါကြီးလျှင် အသက်အန္တရာယ်ပြုသည်အထိ ဖြစ်လာနိုင်ပါသည်။

အာကာသဓာတ်အားနည်းသော ကြက်သွန်ဖြူဥတစ်လုံး အာပေါဓာတ် (ဝါယောဓာတ်အားကောင်းသော ပျားရည်နှင့်စိမ်ကာ အခိုးအကင်းငြိမ်ဝပ်သွား သော အချိန်ကာလတွင် စားသုံးပါက အထိုက်အလျောက်ဆေးဖက်ဝင်ပါလိမ့်မည်။ ပင်ကိုယ်မူလကပင် အာပေါဓာတ်အားပြည့်သောကြက်သွန်နီကို အာပေါ ဓာတ်၊ ဝါယောဓာတ်အားကောင်းသော ပျားရည်နှင့်စိမ်ကာ အခိုးအကင်းငြိမ်ဝပ်သွား သော အချိန်ကာလ (၁ လမှ ၃ လ အတွင်း)၌ စားသုံးပါက အာပေါသမုဋ္ဌာန် ရောဂါရှင်များအတွက် ပိုမို၍ဆေးဖက်ဝင်နိုင်ပါကြောင်း ဖြေကြားလိုက်ရပါ သည်။

ဆရာဦးကျော်မြင့် (လေးစားမှုဖြင့် ခရက်ဒစ်)