
2NE1 ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ Sandara Park ဟာ SBS Medianet, JBJ Entertainment နဲ့ Fortune TV Channel တို့က ပူးပေါင်းတင်ဆက်တဲ့ “MY MUSIC TEACHER, MINGALARBAR” ဆိုတဲ့ တီဗွီအစီအစဉ်ကို မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လာရောက်ရိုက်ကူးသွားခဲ့တယ်ဆိုတာ ပရိသတ်တွေ သိထားပြီးသားဖြစ်မှာပါ။
သူမနဲ့အတူ တခြားသော နာမည်ကြီး K-pop အနုပညာရှင်တွေဟာ စက်တင်ဘာလ ၉ ရက်နေ့မှာ ရန်ကုန်မြို့ကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာနိုင်ငံရဲ့ အထင်ကရမြို့တွေဖြစ်တဲ့ မန္တလေးနဲ့ ပုဂံကို သွားရောက်ပြီးရိုက်ကူးရေးလုပ်ခဲ့ကာ ၁ ပတ်ကျော်ခန့် မြန်မာနိုင်ငံမှာ နေထိုင်သွားကြတာဖြစ်ပြီး အခုဆိုရင်တော့ တောင်ကိုရီးယားနိုင်ငံကို ပြန်လည်ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နေထိုင်စဉ်အချိန်ကာလအတွင်းမှာ သွားရောက်ခဲ့တဲ့နေရာတွေက ပုံရိပ်တွေကို သူမရဲ့ အင်စတာဂရမ်မှာတင်ထားတဲ့ Dara ဟာ စက်တင်ဘာလ ၁၈ ရက်နေ့ မနေ့တုန်းကလည်း သူမရဲ့ အင်စတာဂရမ်စတိုရီမှာ ပုံလေးတစ်ပုံတင်ခဲ့ပါတယ်။
အဲဒီပုံလေးကတော့ မြန်မာနိုင်ငံကရှုခင်းပုံရိပ်၊ အမှတ်တရပုံရိပ်တွေဆိုတာမျိုးမဟုတ်ပဲ မြန်မာဘီယာဗူးတွေပုံပဲ ဖြစ်ပါတယ်။ “Myanmar beer so good” ဆိုတဲ့စာသားနဲ့အတူ တင်ထားတဲ့ထိုပုံလေးကို ပရိသတ်တွေအနေနဲ့ တွေ့မြင်တဲ့အခါမှာတော့ အတော်လေးကို သဘောကျခဲ့ကြပြီး သူမကို စနောက်ထားကြတာကို တွေ့ရပါတယ်။
ထိုပုံလေးတင်ထားပြီးနောက် သိပ်မကြာခင်မှာတော့ သူမရဲ့ အင်စတာဂရမ်နဲ့ တွစ်တာအကောင့်တွေကနေ တဆင့် မြန်မာပရိသတ်တွေကို နှုတ်ဆက်ခဲ့ကာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို ပြန်လည်ထွက်ခွာသွားခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ဆိုးလ်မြို့ကို ပြန်လည်ရောက်ရှိနေပြီလို့ သိရပါတယ်။
မြန်မာပရိသတ်တွေကို နှုတ်ဆက်ခဲ့တဲ့စာလေးထဲမှာတော့ “နွေးထွေးစွာနဲ့ ကြိုဆိုပေးကြတဲ့ မြန်မာ Blackjack ကို ကျေးဇူးအရမ်းတင်ပါတယ်။ ရန်ကုန်၊ ပုဂံနဲ့ မန္တလေးမှာ ကျွန်မ အရမ်းကိုပျော်ရွှင်ခဲ့ရပါတယ်။ မင်းတို့တွေကိုလည်း ချစ်ပါတယ်။ နောက်တစ်ခေါက်လည်း တကယ်ပြန်လာချင်ပါသေးတယ်။ chay-tzoo-tin-bah-teh-!!!” လို့ ရေးသားထားတာ ဖြစ်ပါတယ်။
Dara တို့ကတော့ မြန်မာနိုင်ငံကို လာရောက်စဉ်အချိန်အတွင်းမှာ အမှတ်တရကောင်းတွေရရှိခဲ့သလို မြန်မာဘီယာကိုလည်း အတော်လေးအကြိုက်တွေ့သွားပုံပါပဲနော်။
Credit MOMO LAY
Mia (Momolay)