
ဆယ်စုနှစ်မက အောင်မြင်မှုများစွာနဲ့ အနုပညာလမ်းကြောင်းအပေါ် ရပ်တည်လာတဲ့ အဆိုတော် ဇော်ပိုင်ဟာ ယနေ့အချိန်ထိ ပရိသတ်ရဲ့ အားပေးချစ်ခင်ခြင်းကို ရရှိနေတဲ့သူလည်း ဖြစ်ပါတယ်။ စွဲဆောင်မှုကောင်းလွန်းတဲ့ သူ့ရဲ့ အသံကြောင့် အားပေးထောက်ခံသူတွေ တဖြည်းဖြည်း များလာပြီး သူ့သီချင်းတွေကလည်း ယနေ့အချိန်ထိ ရေပန်းစားနေပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုတော် ဇော်ပိုင်ဟာ သီချင်းအသစ်တွေကို အရင်လို ထပ်မံဖန်တီးခြင်းမရှိတော့ဘဲ အေးချမ်းသာယာတဲ့ မိသားစုနဲ့သာ ပျော်ရွှင်နေပါတယ်။
ပရိသတ်ကြီး သိထားတဲ့အတိုင်း အဆိုတော် ဇော်ပိုင်မှာ ရင့်ကျက်တည်ကြည်ပြီး ချစ်စရာကောင်းတဲ့ ဇနီးချောလေးရှိတဲ့အပြင် လိမ္မာရေးခြားရှိတဲ့ သားငယ်လေး တစ်ဦးလည်း ရှိပါတယ်။ မကြာသေးခင်ကလည်း လူမှုကွန်ယက်ပေါ်မှာ ဇော်ပိုင်ရဲ့ သားငယ်လေး ရွှေပိုင်ရဲ့ အင်တာဗျူးဖြေကြားပုံလေးကို ပရိသတ်တွေ နှစ်သက်သဘောကျနေကြပြီး စကားပြောချိုသာလွန်းတာကြောင့် အချစ်ပိုနေကြပါတယ်။ အခုတစ်ခါမှာတော့ ရွှေပိုင်လေးရဲ့ ဖေဖေနဲ့ မေမေက သားဖြစ်သူကို ဘယ်လိုသွန်သင်ဆုံးမတယ်၊ ဘယ်လိုလိမ္မာရေးခြားရှိအောင် ဆုံးမတယ်ဆိုတာ အခုလို ပြောပြပါတယ်။
သီချင်းအသစ် ဘယ်တော့ထွက်မလဲဆိုတဲ့ အကြောင်းကို ဇော်ပိုင်က “ တစ်ကိုယ်တော် အခွေ(၇)ခွေမြောက်ပေါ့နော်။ အဲ့တာက အခု (၉၀)ရာခိုင်နှုန်းလောက် ပြီးသလောက်ဖြစ်နေပါပြီ။ ပရိသတ်ကြီးကိုလည်း အမြန်နားဆင်စေချင်ပြီ။ အခုတော့ အမြန်ဆုံးပြီးအောင် လုပ်နေပါတယ်။ ဒီနှစ်ထဲမှာ ပရိသတ်ကြီး နားဆင်ရမှာပါ ” လို့ ပြောပြပါတယ်။
ရွှေပိုင်လေးနဲ့ ပတ်သက်ပြီးတော့လည်း “ အဓိကကတော့ ကျနော်တို့ ဇနီးမောင်နှံနှစ်ယောက်က ရွှေပိုင်လေး စပြီး သိတတ်စ အရွယ်တည်းကနေ သူ့ကို နားလည်အောင် ပြောပြတယ်။ ကိစ္စတစ်ခုခုဆိုရင်လည်း သူ့ကို ရှင်းပြတယ်။ သူနားလည် လက်ခံလာပြီဆိုရင် ကောင်းတာလေးတွေကို တဖြည်းဖြည်းနဲ့ ပြောတယ်။ သူ့အရှေ့မှာ အစ်ကိုနဲ့ အစ်မ ပြောတဲ့ စကားကအစ တကယ့်ကိုဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ သူ့အတွက် စံနမူနာကောင်းတစ်ခုဖြစ်အောင် ကြိုးစားပြီးတော့ ပြောပါတယ်. နေထိုင်ပါတယ်။ ကျနော့်ထက်စာရင် သူ့မေမေက သားကို ပြုပြင်သွန်သင်တဲ့နေရာမှာ တော်ပါတယ် ” လို့ ပြောပြပါတယ်။
အမေဖြစ်သူ မီမီနေမင်းဝင်းကလည်း “ ပထမကတော့ လိုက်လိုက်ရောရောပေါ့။ ပြီးတော့မှ ကိုယ်သွန်သင်ချင်တာလေးတွေ၊ ဆုံးမချင်တာလေးတွေ သင်ပေးတာပေါ့နော်။ ကလေးဆိုတာက ဒါကို မလုပ်နဲ့ ဒီဟာ လုပ်ဆို သူတို့က ဘာကြောင့် မလုပ်ရဘူးလဲ လုပ်ရမလဲဆိုတာ သိပ်နားမလည်ဘူးလေ။ ဒါကြောင့်မို့ ဒီဟာလေးကတော့ ဒီလိုလုပ်ရင် ဒီလိုဖြစ်တတ်တယ် .. ကောင်းရင် ကောင်းတယ် မကောင်းရင် မကောင်းဘူးဆိုတာ သူ့ကို တွေးခိုင်းရတာပေါ့။ အရွယ်နဲ့လိုက်တဲ့ အရာလေးတွေပါ ” လို့ ဆိုပါတယ်။
ရွှေပိုင်လေးရဲ့ ဝါသနာနဲ့ ပတ်သက်ပြီးတော့လည်း ဇော်ပိုင်က အခုလို ပြောပါတယ်။ “ အဓိကကတော့ သားလေး ရွှေပိုင်ရဲ့ ဆန္ဒပါဘဲ။ သူတကယ် အနုပညာဝါသနာပါတယ်ဆိုရင်လည်း ငယ်ငယ်တည်းက ပြုစုပျိုးထောင်လေ့ကျင့်ပေးရမှာပေါ့။ သူဘာကို ဝါသနာပါလည်းပေါ့။ အခုတော့ သားက ငယ်သေးတာပေါ့နော်။ ကိုယ်ကိုယ်တိုင် အနုပညာရှင်တစ်ယောက်အနေနဲ့ သားလေးကို သီချင်း ဆိုစေချင်တယ် .. ဒီအနုပညာဗီဇလေးတွေလည်း ပါစေချင်တာပေါ့။ ဒါအဖေတစ်ယောက်ရဲ့ ဆန္ဒပေါ့နော်။ ဒါပေမဲ့ သားလေးကြီးလာရင် သားလေး ဘာဖြစ်ချင်လဲ .. ကောင်းတဲ့အရာလေးတွေကို အကောင်းဆုံးဖြစ်အောင် ကူညီပံ့ပိုးပေးမှာပေါ့နော် ” လို့ ပြောပါတယ်။
သားတစ်ယောက်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ သားလေး လိမ္မာရေးခြားရှိအောင် ပြုစုပျိုးထောင်ပုံလေးတွေကို ပြောပြခဲ့တဲ့အတွက် ပရိသတ်ကြီးလည်း သဘောကျမယ်ထင်ပါတယ်။ ဒီတော့ အောက်မှာ ဇော်ပိုင်တို့ ဇနီးမောင်နှံရဲ့ Interview ကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။
Credit WE MM