
အိမ်ထောင်သည်ဘ၀မှာ ချုပ်တည်းရတာတွေ အင်မတန်များတယ်။ အထူးသဖြင့် ကျမတို့ အမျိုးသမီးတွေရဲ့ ချုပ်တည်းကြပ်တည်းမှုတွက အမျိုးသားတွေထက် ပိုများပါတယ်။
အိမ်ထောင်ရေးကို ၁၀၀ % ကျေနပ်ပြီး ပျော်ရွှင်နေတဲ့သူဆိုတာ လောကမှ မရှိဘူးလို့ ကျမ ယူဆမိပါတယ်။ကိုယ့်ဘ၀ကိုယ်ကျေနပ်အောင် ပျော်ရွှင်အောင် စိတ်ချမ်းသာအောင် ကြိုစားနေထိုင်နေတဲ့ သူတွေတောင်မှ ကိုယ့်အိမ်ထောင်ဘက်အပေါ် ဘယ်လောက်အတိုင်းအတာထိ ကျေနပ်သလဲ လို့ မေးရင် တိတ်ဆိတ်သွားတတ်ကြတာချည်းပါပဲ။
ကိုယ့်အိမ်ထောင်ဘက်က အိမ်ထောင်ရေးသစ္စာမပျက်ရုံနဲ့ အဲဒီ အိမ်ထောင်သည်ဘ၀ အဆင်ပြေပျော်ရွှင်စရာကောင်းနေပြီလို့ ယူဆလို့မရတာတွေလည်း ရှိတယ်။ဒါတွေကို အိမ်ထောင်သည်သက်တမ်း နှစ် ၂၀ ကျော်လာပြီးတဲ့ သူတွေက ပိုသိကြပါတယ်။
ကိုယ်ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ဘက်(ခင်ပွန်းသို့ ဇနီး)ဟာ အိမ်ထောင်ဘက်ကောင်း ဟုတ်မဟုတ်ဆိုတာကို ပတ်ဝန်းကျင်က လူတွေထက် ကာယကံရှင်တွေက ပိုသိကြတယ်။
ပြောရရင်တော့ အိမ်ထောင်ရေးမှာ မျှတမှုကင်းလာလေလေ အဆင်မပြေမှုများလာလေပါပဲ။
ကိုယ့်အိမ်ထောင်ဘက်(ခင်ပွန်း သို့ ဇနီးကို) အနိုင်ကျင့်တဲ့ သူ၊ တစ်ကိုယ်ကောင်းဆန်တဲ့သူ၊အာဏာရှင်တစ်ယောက်လို့ မှတ်ယူလိုက်တဲ့ အဖြစ်အပျက်တွေဟာ အ်မ်ထောင်သက်တမ်း ရင့်လာရင် ရင့်လာသလောက်ရှိကြပါတယ်.။
အထူးသဖြင့် ဥပမာပေးရရင် အမျိုးသမီးတွေဟာ အိမ်ထောင်ရေးမှာလည်း ခင်ပွန်းရဲ့မိသားစုတွင်း ဦးစားပေးမှူကို မရတဲ့အခါ၊ လိင်ပိုင်းဆိုင်ရာ အတူနေချိန်မှာ တကိုယ်ကောင်းဆန်တတ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့အခါ၊ အများအမြင်မှာ ကိုယ့်ဇနီးကို တန်ဖိုးထားပြရကောင်းမှန်း မသိတဲ့ ခင်ပွန်းမျိုးကို ပိုင်ဆိုင်ထားတဲ့အခါ မိန်းမတွေဟာ ဒီလို ခင်ပွန်းမျိုးနဲ့ ဆက်ဆံနေရတာကိုက ၀ဋ်ကြီးသူလို နားလည် လက်ခံလာကြတယ်။
အဲဒီလို ခင်ပွန်း ဖောက်ပြန်ရင်တော့ ၀မ်းသာအားရနဲ့ အငယ်လက်ထဲကို ထည့်လိုက်ချင်ပေမဲ့ သူက မဖောက်ပြန်ဘဲနဲ့ ကိုယ့်အပေါ် အနုနည်းနဲ့ နှိပ်စက်နေတဲ့အခါမှာလည်း ဒါကပဲကိုယ့်အတွက် အိမ်ထောင်ရေးဝဋ်ကြွေးလည်း ဖြစ်ရပြန်တယ်။
အိမ်ထောင်ရေးဖြစ်နေတယ် မိသားစုရေးဖြစ်နေတဲ့အတွက် ဒါတွေဟာ စိတ်ပိုင်းဆိုင်ရာ ခံစားမှူလေးတွေပါ။လို့ ဖြေတွေးတွေပြီး အိမ်ထောင်ရေးကို ရှေ့ဆက်ဖို့လည်း ကြိုးစားကြပါတယ်။ ကိုယ့် အိမ်ထောင်ရေးမှာ အဆင်ပြေပျော်ရွှင်စရာကောင်းအောင် အားထုတ်ကြိုးပမ်းကြပေမဲ့ တစ်ဘက်သတ် ကြိုးစားနေရတယ်ဆိုရင်တော့ ကြိုးစားနေတဲ့ သူဟာ အချိန်ကြာလာတာနဲ့အမျှ ခြေကုန်လက်ပန်းကြပြီး အဆင်မပြေတဲ့ အိမ်ထောင်ရေးအတွက် ဘာမှ မလုပ်ချင်ကြတော့ပါဘူး။
အိမ်ထောင်ရေးကို ပျက်ဆီးပစ်ဖို့တော့ စဉ်းစားကြတာ ချည်းပါပဲ။ သူက မဖောက်တဲ့အခါ ကိုယ်က စဖောက်ဖို့ သတ္တိနည်းကြတာလည်း ပါဝင်ပါလိမ့်မယ်။
အိမ်ထောင်ရေးသက်တမ်းကြာလာတာနဲ့အမျှ သာယာမှူ မဲ့တဲ့ အိမ်ထောင်ရေးဟာ ငြိမ်းငွေ့စိတ်ပျက်ဖွယ်ဖြစ်လာရတတ်တယ်။ တစ်မိုးအောက်မှာ အတူတူနေနေပေမဲ့ သူ့ကို စကားမပြောချင်တဲ့ အချိန်၊ ရုပ်နဲ့ အသံတောင် မကြာချင်တဲ့ အချိန်တွေ အများကြီး ရှိတယ်။ အဲဒီအချိန်မှာ အဲဒီအိမ်ထောင်ရေးကနေ ထွက်ပြေးချင်တတ်ကြတယ်။
အဆင်မပြေတဲ့ အိမ်ထောင်ရေးထဲကနေ ယောက်ျားပဲ ဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ် ထွက်ပြေးချင်ကြတာပါပဲ။ အမျိုးသားတွေအတွက်ကတော့ အဲဒီလို ထွက်ပြေးဖို့အတွက် လွယ်ကူပါတယ်။ အိမ် မဟုတ်တဲ့ တစ်နေရာမှာ၊ ဒါမှ မဟုတ် ကိုယ့်ဇနီး မဟုတ်တဲ့ မိန်းမတစ်ယောက်ယောက်ဆီမှာ စိတ်အာရုံ ၀င်စားလိုက်တာ၊ ဇနီးမဟုတ်တဲ့ အခြားမိန်းမတစ်ယောက်နဲ့ လိင်ဆက်ဆံလိုက်တာနဲ့တင် အိမ်တွင်းဒုက္ခအချို့ကို ရှောင်ကွင်းလို့ရသွားတယ်လို့ ယူဆထားတဲ့ အမျိုးသားတွေ ရှိပါတယ်။
အမျိုးသမီးတွေကျတော့ လက်ရှိအိမ်ထောင်ရေးကနေ လွယ်လွယ်ထွက်ပြေးလို့မရတတ်ပါဘူး။ အိမ်ထောင်ရေး စိတ်ပျက်မှူ၊ အိမ်ထောင်ရေး ငြီးငွေ့မှူကနေ ထွက်ပြေးဖို့ ကြိုးစားတတ်ပေမဲ့ ထွက်ပြေးရမဲ့ နည်းလမ်းကို ရှာမတွေ့နိုင်ပြန်ဘူး။းဒါပေမဲ့ အချို့ အမျိုးသမီးတွေကတော့ အမျိုးသားတွေလိုပဲ နောက်အငယ်ထားလိုက်ခြင်းအားဖြင့် သူတို့ရဲ့ထွက်ပေါက် တစ်ခုကို ရလိုက်သလို ဖြစ်သွားတတ်ကြတယ်။
အိမ်ထောင်ရေးမှာ ထွက်ပြေးချင်ပေမဲ့ ပတ်ဝန်းကျင်ရဲ့ အထင်သေးမှူကို မခံနိုင်တဲ့ အမျိုးသမီးတွေ၊ ဂုဏ်သိက္ခာဟာ တန်ဖိုးလို့ယူဆထားတဲ့ အမျိုးသမီးတွေကတော့ လင်ငယ်နေဖို့ ဆိုတာကို စဉ်းစားဖူးကြပေမဲ့ မလုပ်ရဲကြပြန်ပါဘူး။
အဲဒီလို မလုပ်ရဲကြတဲ့ သူတွေအတွက်ကတော့ ကိုယ့်အပေါ်မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ နှိပ်စက်တတ်တဲ့ ၊ ကိုယ့်ခံစားချက်တွေကို အလေးမထားတဲ့ ခင်ပွန်းရဲ့ ဘေးမှာ နေနေရတဲ့ ဆင်းရဲဒုက္ခဟာလည်း လောက ငရဲလို့တောင်ဆိုနိုင်ကြတယ်။
အချို့ကတော့ အဆင်မပြေတဲ့ အိမ်ထောင်ရေးထဲမှာ နေထိုင်ရင်းနဲ့ လက်ရှိဘ၀ထဲက မလွတ်မြောက်တဲ့အခါ စိတ်ကူးယဉ်ပါတယ်။ အတွေးစိတ်ကူးတွေထဲမှာတော့ ကိုယ့်အတွက် လွတ်မြောက်ရာကို မကြာခဏ သွားနေရင်းနဲ့ပဲ လက်ရှိဘ၀ရဲ့ အဆင်မပြေမှူနဲ့ ဒုက္ခကို သည်းခံနိုင်ဖို့ ကြိုးစားရင်း ရှင်သန်နေကြတဲ့ အမျိုးသမီးတွေပါ။
အိမ်ထောင်ရေးမှာ သိပ်ပြီး စိတ်ပျက်စရာကောင်းနေပြီ ရှေ့ဆက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်လောက်အောင် ကိုယ့်မှာ. ပင်ပန်းဆင်းရဲနေပြီဆိုရင် အမျိုးသမီးအချို့က အိမ်ကနေ ထွက်ပြေးဖို့ ကြိုးစားကြတာ ချည်းပါပဲ။ မိဘအိမ် ခဏသွားနေတာ…၊ အလုပ်ကိစ္စနဲ့ နယ်ပြောင်းရွှေ့လိုက်တာ စတာတွေနဲ့ သူနဲ့ ဝေးရာကို ပြေးဖို့ခရီးထွက်ဖို့ ပြင်လာကြတယ်။
အချို့ကျတော့လည်း အဲဒီလို အိမ်ကနေ အကြာကြီးထွက်သွားဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာဆိုရင် သူငယ်ချင်းတွေနဲ့ အတူ ခရီးသွားတာ၊ ဒါမှ မဟုတ် ယောက်ျားကို ထားခဲ့ပြီး သားသမီးတွေနဲ့အတူ ခရီးသွားတာမျိုးဟာ ခဏတာလွတ်မြောက်မှူကို ရရှိစေတယ်။
ထွက်ပြေးလို့မရတဲ့ အိမ်ထောင်ရေးမှာ ကိုယ့်ဘက်က သူ့ကို အာရုံစိုက်မှူ လျော့ချနိုင်လေ၊ သူ့အပေါ် မျှော်လင့်ချက်တွေ လျော့နိုင်လေလေ ကိုယ့်အတွက် ခံစားနာကျင်ရမှု သက်သာလေလေ ဆိုတာကို တွေ့လာရတယ်။
ကမ္ဘာမှာလည်း ကိုယ့်ရဲ့ လွတ်မြောက်မှူအတွက် အားထုတ်နေကြရှာတဲ့ အမျိုါ်သမီးတွေ ရှိပါတယ်။ သူတို့ကလည်း နှစ်တိုင်း ခရီးသွားတာမျိုး လုပ်ကြသလို၊ သူတို့ကိုယ်တိုင် စိတ်ဝင်စားတဲ့ အလုပ်တွေမှာ ၀င်လုပ်ရင်း သူတို့ စိတ်အာရုံကို အဲဒီ အလုပ်တွေမှာ နှစ်မြှုပ်ထားရင်းနဲ့ အဆင်မပြေတဲ့ အိမ်ထောင်ရေးအကြောင်းကို မေ့ထားပြီး ပျော်အောင်တတ်နိုင်သလောက် ကြိုးစားနေထိုင်ကြပါတယ်။
ကျေးဇူးတင်ပါတယ်.။
မေသင်္ကြန်ဟိန်(မြစ်မခ)
မေသင်္ကြန်ဟိန်(မြစ်မခ) အား လေးစားစွာ ခရက်ဒစ်ပေးပါသည်