You are here
Home > အနုပညာ > တစ်ချိန်တုန်းက မြန်မာပရိသတ်တွေ အမုန်းကြီးမုန်းခဲ့တဲ့ ကိုရီးယားအမျိုးသမီးဗီလိန်ဇာတ်ကောင်များ

တစ်ချိန်တုန်းက မြန်မာပရိသတ်တွေ အမုန်းကြီးမုန်းခဲ့တဲ့ ကိုရီးယားအမျိုးသမီးဗီလိန်ဇာတ်ကောင်များ

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၅ နှစ် ပတ်ဝန်းကျင်လောက်တုန်းက မြန်မာပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေဆိုတာ အမြောက်အများပါပဲ။ အဲဒီဇာတ်လမ်းတွဲကို ဒီနေ့အချိန်ထိ အမှတ်ရနေဆဲဖြစ်တဲ့ ပရိသတ်တွေရှိကြသလို ထိုဇာတ်လမ်းတွဲတွေထဲက ဇာတ်ကောင်တွေဟာဆိုရင်လည်း ယနေ့ထက်တိုင် ပရိသတ်တွေရဲ့ အတွေးအာရုံနဲ့ ပါးစပ်ဖျားမှာ စွဲကျန်ရစ်နေဆဲပါ။ ဒီလိုမျိုး မှတ်မှတ်ရရရှိနေကြဆဲဖြစ်တဲ့ ဇာတ်ကောင်တွေထဲမှာမှ ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ မြန်မာပရိသတ်တွေ အမုန်းကြီးမုန်းခဲ့ကြတဲ့ အမျိုးသမီးဗီလိန်ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်တွေကို ပရိသတ်တွေ တကယ်ပဲ မှတ်မိနေကြသေးရဲ့လားဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

ဟိုယွန်မီ (ဆည်းဆာရင်ခုန်သံ)

လွန်ခဲ့တဲ့ ၁၅ နှစ်ပတ်ဝန်းကျင်လောက်တုန်း မြ၀တီရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသခဲ့တဲ့ ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲထဲက အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ “ဒါရိုက်တာရင် (ရင်ဟွန်ချူး) နဲ့ ဂျင်ဆန်းမီ” တို့ဟာ ပရိသတ်တွေရဲ့ ချစ်ခင်ကြိုက်နှစ်သက်ခြင်းကို ရရှိခဲ့သလို ဗီလိန်ဇာတ်ကောင်ဖြစ်တဲ့ “ဟိုယွန်မီ” ဆိုတဲ့ ဇာတ်ကောင်ဟာလည်း ပရိသတ်တွေရဲ့ အမုန်းကြီးမုန်းမှုကို ရရှိခဲ့ဖူးပါတယ်။ အဆိုပါ ဇာတ်ကောင်ကို ပါဝင်သရုပ်ဆောင်ခဲ့သူကတော့ မင်းသမီး Kim So Yeon ဖြစ်ပြီး သူမရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေက ထိုဇာတ်ကောင်ရဲ့ ဇာတ်ရုပ်ကို ပိုမိုရုပ်လုံးပေါ်စေခဲ့တာ ဖြစ်ပါတယ်။

ဟန်ရိုလီ (အချစ်လှေကားထစ်လေးများ)

မြန်မာပရိသတ်တွေ ဒီနေ့အချိန်ထိ မေ့မရနိုင်သေးတဲ့ နောက်ထပ်ဇာတ်လမ်းတွဲတစ်တွဲကတော့ အချစ်လှေကားထစ်လေးများဆိုတဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် မျက်ရည်ကျမိတဲ့ ထိုဇာတ်လမ်းတွဲထဲက ဗီလိန်ဇာတ်ကောင်ဖြစ်တဲ့ “ဟန်ရိုလီ” ဟာဆိုရင် ပရိသတ်တွေကို အသည်းတယားယားဖြစ်စေခဲ့တဲ့ ဇာတ်ရုပ်မျိုးဖြစ်ပြီး ထိုဇာတ်ကောင်ကို ပါဝင်သရုပ်ဆောင်ခဲ့သူကတော့ လက်ရှိမှာ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်နဲ့ အောင်မြင်မှုတွေရရှိနေတဲ့ Kim Tae Hee ပဲ ဖြစ်ပါတယ်။

ရှီလာ (အသည်းချင်းတူရင် ကြည်ဖြူပါမယ်ရှင်)

၁၉၉၉ ခုနှစ်က ရိုက်ကူးခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှ ပြသခဲ့တဲ့ အသည်းချင်းတူရင် ကြည်ဖြူပါမယ်ရှင် ဆိုတဲ့ ဇာတ်လမ်းတွဲထဲက အဓိကဇာတ်ကောင် “လီဟန်နီ” ကို ပရိသတ်တွေ မှတ်မိနေကြသေးသလို ဗီလိန်ဇာတ်ကောင်ဖြစ်တဲ့ ရှီလာ ဆိုတာကိုလည်း မမေ့လောက်သေးဘူးလို့ ထင်ပါတယ်။ အဆိုပါဇာတ်ကောင်ကို ပါဝင်သရုပ်ဆောင်ခဲ့သူကတော့ မင်းသမီး Kim Ji-young ဖြစ်ပြီး အခုဆိုရင်တော့ သူမရဲ့ အသက်ဟာ ၄၅ နှစ်ရှိလို့နေပြီ ဖြစ်ပါတယ်။

ကျီးအင်း (လျှို့ဝှက်ချက်)

လျှို့ဝှက်ချက် ဆိုတဲ့ ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေဖြစ်ကြတဲ့ ကျောက်ဌာနမှူး၊ ကျီးကျင့်၊ ကျီးအင်းတို့ကိုလည်း ပရိသတ်တွေ သတိရကြဦးမယ်ထင်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲက ဗီလိန်ဇာတ်ကောင်ဖြစ်တဲ့ “ကျီးအင်း” ကို သရုပ်ဆောင်ခဲ့သူကတော့ လက်ရှိမှာ အနုပညာကြေးအမြင့်ဆုံးသော ထိပ်တန်းမင်းသမီးအဖြစ် ရပ်တည်နေတဲ့ Ha Ji Won ပဲ ဖြစ်ပါတယ်။

ဝူဆွန်းဟီး (ဖန်ခြေနင်းနဲ့ ယမင်းရွှေစင်)

ပရိသတ်တွေရဲ့ အကြိုက်ဆုံးသော ကိုရီးယားဇာတ်လမ်းတွဲတစ်တွဲဖြစ်ခဲ့ဖူးတဲ့ ဖန်ခြေနင်းနဲ့ ယမင်းရွှေစင် ဇာတ်လမ်းတွဲထဲက ဗီလိန်ဇာတ်ကောင် ၀ူဆွန်းဟီး ကို ပါဝင်သရုပ်ဆောင်ခဲ့သူကတော့ မင်းသမီး Kim Min-sun ပဲ ဖြစ်ပါတယ်။

ဂန်ဟေးဝန် (ချစ်စံအိမ်)

နာမည်ကြီး ကိုရီးယား ဇာတ်လမ်းတွဲဖြစ်တဲ့ ချစ်စံအိမ်ထဲက ဗီလိန်ဇာတ်ကောင် “ဂန်ဟေးဝန်” ကိုလည်း ပရိသတ်တွေအနေနဲ့ ကောင်းကောင်းကြီး မှတ်မိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကောင်ကို ပါဝင်သရုပ်ဆောင်ခဲ့သူကတော့ မင်းသမီး Han Eun-jung ပဲ ဖြစ်ပါတယ်။

မင်ဟိုရင် (ရွှေမင်းသားလေးရဲ့ ချစ်ပုံပြင်)

လက်ရှိမှာ ပရိသတ်တွေရဲ့ အချစ်တော် ကိုရီးယားမင်းသမီးတစ်လက်ဖြစ်တဲ့ Song Ji Hyo ဟာဆိုရင် တစ်ချိန်တုန်းက (ရွှေမင်းသားလေးရဲ့ ချစ်ပုံပြင်) ဆိုတဲ့ နာမည်ကျော်ဇာတ်လမ်းတွဲထဲမှာ ဗီလိန်ဇာတ်ကောင် “မင်ဟိုရင်” ကို ပါဝင်သရုပ်ဆောင်ခဲ့ဖူးတာကြောင့် ပရိသတ်တွေရဲ့ အမုန်းကြီးမုန်းတာကို ခံခဲ့ရဖူးပါတယ်။

CRD-Momolay

Top
//mordoops.com/4/3018672