မြန်မာတိုင်းကြိုက်သော ငါးပိရည်နှင့် ကျန်းမာရေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Unicode ဖြင့်ဖတ်ပါ
★★★★★

ငါးပိရည်နှင့် ကျန်းမာရေး

မြန်မာမှန်ရင် ငါးပိကြိုက်တာ သဘာ၀ ဖြစ်တာကြောင့် မြန်မာတိုင်း ဘယ်နိုင်ငံရောက်ရောက် ငါးပိရည်၊ ငါးပိကြော်၊ ငါးပိချက်လေးကို လွမ်းတတ်ကြပါတယ်။ ကိုးရီးယားတွေ ကင်ချီ ကြိုက်သလို၊ ပြင်သစ်လူမျိုးတွေ Blue Cheese ကြိုက်သလို၊ မြန်မာတွေ ငါးပိကြိုက်တာလည်း ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ငါးပိမပါရင် ထမင်းစားမဝင်တဲ့ အထိ နှစ်သက်ကြသူတွေ ရှိသလို ရံဖန်ရံခါ မှ စားသူတွေလည်း ရှိပါတယ်။ အတို့အမြှုပ်နဲ့ တို့စားတဲ့ သူတွေ ရှိသလို ၊ ထမင်းနဲ့ငါးပိရည်ကျို နယ်ဖတ်စားရမှ အာသာပြေသူတွေလည်း ရှိပါတယ်။ သူ့အကြိုက် ကိုယ့်အကြိုက်အလိုက် ငါးပိကို မျိုးစုံ လုပ်စားကြပါတယ်။ ငါးပိရည်ကျို၊ ငါးပိချက်၊ ငါးပိဖုတ်၊ ငါးပိကောင်ချက်၊ ငါးပိထောင်း စတာတွေ အပြင် အသုပ်မျိုးစုံမှာ ထည့်သုပ်ကြတာလည်း မြန်မာတွေရဲ့ သဘာ၀ ပါပဲ။

ဒီလို နှစ်ပေါင်းများစွာ တစ်နိုင်ငံလုံး စားလာကြတဲ့ ငါးပိကို ကျမတို့ငယ်ငယ်က ဖတ်စာအုပ်မှာပါ သင်ရပါသေးတယ်။ ကောင်းကျိုးတွေလည်း ရှိသလို ကျန်းမာရေး ရှုထောင့် အရ မသင့်တော်တာတွေ လည်းရှိပါတယ်။ တန်ဆေးလွန်ဘေး ဆိုသလိုပဲ အလွန်အကျွံစားပြန်တော့လည်း ဘေးဖြစ်တတ်တာတွေ တွေ့ရပါတယ်။ ငါးပိရဲ့ပါဝင် ပစ္စည်းတွေကတော့ အဓိက ငါးနဲ့ဆားပါပဲ။ ခုနောက်ပိုင်းမှာတော့ အရောင်လှအောင် ဆိုးဆေးတွေ ကြာရှည်ခံဆေးတွေ သုံးလာကြတာတွေ ရှိပါတယ်။ အလွန် အန္တာရာယ်များပါတယ်။ ငါးပိနေ့တိုင်း စားတဲ့ သူတွေ အတွက်ဆို ရင်လေးစရာ ဖြစ်ပါတယ်။ ငါးပိ ၁ ကျပ်သား (၁၅ ဂရမ်) မှာ ပျမ်းမျှ ၄၀ ကယ်လိုရီ၊ အသားဓာတ် ၂ ဂရမ်၊ ကိုလက်စထရော ၈ မီလီဂရမ်၊ ဆိုဒီယမ် ဆားဓာတ် ၁၇၅ မီလီဂရမ် ပါဝင်ပါတယ်။ တစ်နေရာ နဲ့တစ်နေရာ မှာ ငါးပိလုပ်နည်း မတူတာကြောင့် ကွာခြားချက်တွေ ရှိနိုင်ပါတယ်။

အဓိက အချက်ကတော့ ဆား များစွာ ပါဝင်နေခြင်းပါ။ ကျမတို့တွေဟာ ကျမတို့နေစဉ်လိုအပ်တဲ့ ဆား ပမာဏ ထက် ၅-၆ ဆ ပိုစားသုံးနေကြပါတယ်။ ဒါဟာ ခုချက်ချင်းတော့ မသိသာပေမယ့် ရေရှည်မှာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ကိုယ်တိုင် မသိလိုက်တဲ့ အချိန်မှာ သွေးတိုးရဲ့နောက်ဆက်တွဲ နှလုံးရောဂါ၊ ကျောက်ကပ်နဲ့ အခြား ကြောက်စရာကောင်းတဲ့ ရောဂါများ အပြင် လေဖြတ်တာပါ ဖြစ်နိုင်ပါတယ်။ ကျမတို့နိုင်ငံမှာ အသက် ၅၀-၆၀ ဆိုတာနဲ့သွေးမတိုးတဲ့လူ ခပ်ရှားရှား ဖြစ်နေပါတယ်။ ကျမတို့တစ်သက်လုံး စားခဲ့တဲ့ အစားအစာတွေက ပြန်ဒုက္ခပေးနေတာ ဖြစ်ပါတယ်။ ဆားအပြင် ကိုယ်မသိနိုင်တဲ့ ဆိုးဆေးတွေ ကြာရှည်ခံဆေးတွေဟာ ကင်ဆာနဲ့ အခြားရောဂါတွေကို ပါဖြစ်စေနိုင်ပါသေးတယ်။

ငါးပိကို လူတိုင်းနီးပါး ကြိုက်ကြတာ မှန်ပေမယ့် ကျမတို့လူမျိုးတွေ ငါးပိစားတာကို လျှော့သင့်ပါပြီ။ သွေးတိုး ဖြစ်နေချိန်ထိ ဆရာဝန် က ဆားလျှော့စား အငန်လျှော့စားခိုင်းပေမယ့် ငါးပိကို မစွန့်လွှတ်နိုင်သေးတဲ့ သူတွေ ရှိပါသေးတယ်။ ငါးပိ ငါးခြောက် ငါးဆားနယ် ငါးချဉ် အားလုံး ဆားငန်သော အစားအစာများ ဖြစ်ပါတယ်။ ငယ်ရွယ်ချိန်မှာ မသိသာပေမယ့် အသက်ကြီးလာတာနဲ့အမျှ ရောဂါတွေ ထူလာပါတယ်။ လူငယ်တွေရော လူကြီးတွေပါ တတ်နိုင်သလောက် လျှော့စားသင့်ပါတယ်။ သွေးတိုးရောဂါ ရှိသူများကတော့ လုံးဝကို ရှောင်ကျဉ်ရပါမယ်။ ဟင်းချက်တာ ဆားဘယ်လောက် လျှော့လျှော့ ငါးပိရည်နဲ့ထမင်း နယ်စားနေမယ်ဆိုရင် သွေးတိုးကို ထိန်းနိုင်မှာ မဟုတ်သလို၊ သွေးတိုး မရှိသေးပါကလည်း တချိန်ချိန်မှာ သွေးတိုး ဖြစ်လာနိုင်ပါတယ်။

ငါးပိ ဟာ အရသာ ရှိတာမှန်ပေမယ့် အလွန်အကျွံစားသင့်တဲ့ အစားအစာမဟုတ်ပါဘူး။ သူ့မှာ ပါဝင်တဲ့ မြင့်မားတဲ့ ဆားဓာတ်ကြောင့် သွေးတိုးကို ဖြစ်စေနိုင်ပါတယ်။ ရေတိုမှာ မသိသာပေမယ့် နေ့တိုင်းစားနေရင်တော့ ကြာရင် သွေးတိုး ဖို့နီးလာပါပြီ။ တတ်နိုင်သလောက် လျှော့စားဖို့နဲ့ သန့်ရှင်းလတ်ဆတ်ပြီး စိတ်ချရတဲ့ ငါးပိကိုသာ ဝယ်ယူစားသုံးကြဖို့တိုက်တွန်းချင်ပါတယ်။ ဆား သာမက ဆိုးဆေးတွေ ကြာရှည်ခံဆေးတွေရဲ့ အန္တာရာယ်လည်း ရှိတာကြောင့် မိမိကျန်းမာရေး အတွက် ချင့်ချိန်ပြီးသာ စားကြဖို့ အကြံပြုလိုက်ပါတယ်။ ကျန်းမာပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်ကြပါစေ။

Credit-Original Uploader