ဗီဇပြောင်း ကိုဗစ်ပိုးအသစ်နှင့် လက်ရှိ မြန်မာနိုင်ငံ အခြေအနေကို ဒေါက်တာခင်ခင်ကြီး ပြောပြီ

ဒီရက်ပိုင်းမှာ စာတွေပိုဖတ်ဖြစ်ပါတယ်.. ကိစ္စတွေကလဲ အချိန်နှင့်အမျှ အများကြီးပြောင်းလဲနေတာဆိုတော့ ကိုယ်ပိုသိလေ အများလဲအကျိုးရှိအောင် အသိပေးချင်တာလဲပါပါတယ်.. ဗီဇပြောင်းပိုးရဲ့ နောက်ထပ်တွေ့ရှိရတဲ့ အကြောင်းခြင်းရာတွေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကို ထပ်မံဝေမျှလိုက်ပါတယ်..

ခုစာရေးနေတဲ့အချိန် 4/1/2021 နေ့လယ် ၃ နာရီအချိန်အထိ ဗီဇပြောင်းပိုးတွေ့ရှိတယ်ဆိုတဲ့ နိုင်ငံ ၃၅ နိုင်ငံရှိသွားပြီဖြစ်ပြီး အာဆီယံနိုင်ငံတွေထဲက စင်ကာပူ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ပါဝင်နေတာကို တွေ့ရပါတယ်..

ထိုင်းနိုင်ငံတွင်လည်း အင်္ဂလန်အရှေ့တောင်ဘက် Kent မှလာသော မိသားစုဝင် ၄ ယောက်တွင် ဗီဇပြောင်းပိုးတွေ့ရှိရကြောင်း ယမန်နေ့က Thai PBS World News တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်.. ထို့ကြောင့်ထိုင်းတွင် ရှော့ပင်းမောလ်များကို ယနေ့ ၄/၁/၂၀၂၁ ည ၉ နာရီမှစ၍ ပိတ်ထားရန် ညွှန်ကြားထားပါသည်.. BBC News ရဲ့ ၂/၁/၂၀၂၁ ထုတ်ပြန်ချက်အရ ဗီဇပြောင်းပိုးသည် ၁.၇ ဆ ပိုမိုကူးစက်မြန်သည်ကို တွေ့ရှိရပါတယ်..

အစပိုင်းတွေ့ရှိချက်အရ အသက် ၂၀ အောက် ကလေးတွေမှာ ကူးစက်မှု ပိုမိုဖြစ်ပွားသည်ဆိုသော်လည်း ယခုနောက်ဆုံးသုတေသနတွေ့ရှိချက်အရ ကလေးတွေသာမက အသက်အရွယ်အားလုံး ကူးစက်ဖြစ်ပွားမှု မြန်ဆန်ကြောင်းတွေ့ရသည်ဟု ဗီဇပြောင်းပိုး စူးစမ်းလေ့လာသည့် သုတေသနအဖွဲ့မှ အဖွဲ့ဝင် Prof Gandy ကပြောကြားခဲ့ပါသည်..

အစပိုင်းတွင် ကလေးတွေမှာ ပိုတွေ့ရသည်ဟု ထင်မြင်ရသည့် အကြောင်းခြင်းရာကိုစေ့ငုရလျှင် ဒေတာတွေကောက်ယူသောအချိန်သည် အင်္ဂလန်တွင် လော့ဒေါင်းအမိန့်ထုတ်ပြန်ထားသော နိုဝင်ဘာလဖြစ်ပြီး လူကြီးများ၏ လှုပ်ရှားမှုများ မရှိသလောက်ဖြစ်ချိန်ဖြစ်ခြင်း ကျောင်းများကိုဖွင့်လှစ်ထားချိန်ဖြစ်သဖြင့် ရုတ်တရက် ကလေးများတွင်ဖြစ်ပွားမှုများသည်ဟု ထင်မြင်ရခြင်းသာဖြစ်ပါသည်..

အဆိုပါ ဗီဇပြောင်းပိုးကူးစက်ခံရသော ရောဂါဖြစ်ပွားသူတွင် ရောဂါပိုမိုဆိုးဝါးခြင်း သေဆုံးခြင်းနှင့်ပတ်သက်သော အထောက်အထား မတွေ့ရှိရသေးပါ လက်ရှိထွက်ပေါ်နေသော ကာကွယ်ဆေးများ၏ အာနိသင်ကို လျော့ကျစေနိုင်ကြောင်း မတွေ့ရှိရသေးပါ.. ဆက်လက်သုတေသန လုပ်ဆောင်နေဆဲဖြစ်ပါသည်..

လက်ရှိအချိန်တွင်လည်း တကမ္ဘာလုံးတွင် ရောဂါဖြစ်ပွားသူ ၈၅ သန်းကျော်ရှိနေပြီး သေဆုံးသူပေါင်း ၁၈ သိန်းခွဲ ရှိနေပြီဖြစ်ပါသည်.. ယူကေတွင် နေ့စဉ်ရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဖြစ်ပွားသူ တစ်ရက်အတွင်း ၅ သောင်းခွဲကျော် ရှိနေပြီး သေဆုံးသူ ၅၀၀ နီးပါးရှိနေသည်မှာ သတိပြုစရာဖြစ်ပါသည်.. စုစုပေါင်းဖြစ်ပွားသူ ၂၇ သိန်းနီးပါးရှိပြီး သေဆုံးသူစုစုပေါင်း ၇ သောင်းခွဲကျော် (၇၅,၁၃၇) ရှိနေပြီ ဆိုသည်ကို တွေ့ရှိရမှာဖြစ်ပါသည်..

တွေးကြည့်လိုက်ပါ.. မိမိတို့နိုင်ငံ အဆိုပါအခြေအနေမျိုးဆိုလျှင် မည်မျှအထိတောင့်ခံနိုင်ပါမည်နည်း..

လက်ရှိအချိန် ၃/၁/၂၀၂၁ ည ၈ နာရီအထိ စုစုပေါင်းပိုးတွေ့လူနာ ၁၂၆,၃၄၅ ဦးရှိနေပြီး အဆိုပါပိုးတွေ့လူနာများ၏ ၈၇% ဖြစ်သည့် ၁ သိန်း ၁ သောင်းနီးပါး ကုသပျောက်ကင်းနိုင်ပြီဖြစ်ပြီး သေဆုံးသူ ၂,၇၂၈ ဦး (သေဆုံးနှုန်း ၂.၁၆%) ရှိနေသည်ကို တွေ့ရမှာဖြစ်ပါသည်..

ဇန်နဝါရီလ ၁ ရက်နေ့ ၂၀၂၁ အထိ ဒေတာများအရ သေဆုံးသူများ၏ ၅၉% သည် အမျိုးသားများဖြစ်ပြီး အောက်တိုဘာလအတွင်း သေဆုံးမှု အများဆုံး (၉၂၅) ဦးရှိပါသည်.. သေဆုံးသူအများဆုံးအသက်အရွယ်မှာ ၆၁-၇၅ နှစ်အရွယ်ဖြစ်ပြီး စုစုပေါင်းသေဆုံးမှု၏ ၄၄% (၁,၁၈၅ ဦး)ရှိပါသည် ဖြစ်ပွားလျှင် အသေနိုင်ဆုံးအသက်အရွယ်မှာ ၇၅ နှစ်အထက်ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၂၁% ရှိသဖြင့် အဆိုပါ အသက်အရွယ်၌ ၅ ယောက်ဖြစ်လျှင် ၁ ယောက်သေနိုင်သည့် အဓိပ္ပါယ်ဖြစ်ပါသည်.. သေဆုံးပြီးမှ ဆေးရုံရောက်လာသူ ၁၀% ရှိပြီး ဆေးရုံရောက်ပြီး ၂၄ နာရီအတွင်းသေဆုံးသူ ၂၁% ရှိနေသဖြင့် ၃၁% သည် နောက်ကျပြီးမှ ရောက်လာသည်ဟု သတ်မှတ်ရမှာဖြစ်ပါသည်.. ထို့ကြောင့်ဆေးရုံကို စောစောရောက်လာရန်သည်လည်း အရေးကြီးပြီး သေဆုံးမှုကျစေရန် အဓိကအကြောင်းတစ်ချက်ဖြစ်ကြောင်း သိစေအပ်ပါသည်..

နောက်ခံရောဂါရှိသူများတွင် သေဆုံးမှု ၈၄.၄% ရှိသော်လည်း ပြန်ကောင်းသက်သာလာသူ အများကြီး ရှိပါသည်.. ထို့ကြောင့် နောက်ခံရောဂါရှိသူများ စိတ်အားငယ်စရာ မလိုပါ မိမိရောဂါကို သေချာထိန်းကျောင်းပြီး ဂရုတစိုက်နေထိုင်မည် စည်းကမ်းတွေကို လိုက်နာမည်ဆိုလျှင် သာမန်လူကဲ့သို့ပင် ရောဂါဖြစ်ပွားကူးစက်မှုနည်းမည် ဖြစ်ပါမည်..

ယခုထွက်ပေါ်နေသော အသစ်ဗီဇပြောင်းပိုးဖြစ်သည့် VOC 202012/1 (မျိုးဗီဇနွယ် B.1.1.7) နှင့် 501.V2 သည်လည်း မြန်မာနိုင်ငံတွင် မတွေ့သေးပါကြောင်း ၃၀/၁၂/၂၀၂၀ တွင် MOHS ပေ့ချ်တွင် ဖော်ပြထားပြီးဖြစ်ပါသည်.. လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားကူးစက်နေသော ရောဂါပိုးသည် ကမ္ဘာပေါ်တွင် လက်ရှိဖြစ်ပွားကူးစက်မှုများနေသော D614G သာဖြစ်ပြီး ဗီဇပြောင်းလဲခြင်းတစ်ချို့ Q57H တွဲလျက်တည်ရှိကြောင်း မျိုးဗီဇနွယ် (B.1.36) ဖြစ်ကြောင်း ဖော်ပြထားပါသည်..

လက်ရှိအချိန်တွင်လည်း ဂရိတ် ဗြိတိန် (ယူကေ, စကော့တလန်, ဝေလ) နှင့် မြောက်အိုင်ယာလန်မှ လာသူသူများကို ဇန် ၁ ရက်နေ့ ၂၀၂၁ မှစ၍ ပြည်ဝင်ခွင့်ယာယီကန့်သတ်ထားပြီး ကျန်နိုင်ငံများမှဝင်ရောက်လာသူများကိုလည်း Q နှစ်ပတ်ထားရှိပြီး PCR နှစ်ကြိမ် စစ်ဆေးမည်ဖြစ်ပါသည်..

ဆေးသုတေသနဦးစီးဌာနမှလည်း မျိုးဗီဇနွယ် (lineage) စစ်ဆေးခြင်း မျိုးဗီဇဆင်တူမှုကို စစ်ဆေးခြင်း (genetic Clade) တို့ကို ဆက်လက်စစ်ဆေးလျက်ရှိပါသည်..

ထို့ကြောင့်အချုပ်အနေနှင့်ဆိုရလျှင် ဗိုင်းရပ်မည်သို့ပင် ပုံဖျက်ရုပ်ပြောင်းနေစေကာမူ သူ့ရဲ့ပကတိအနေအထားနှင့် ပျော့ကွက်ဟာကွက်ကို သိရှိပြီးဖြစ်သည့်အားလျော်စွာ ပြည်သူများအနေဖြင့် ယခုလက်ရှိရရှိထားသည့် အခြေအနေကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး ဆောင်ရွက်နေတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည်.. ရေနှင့်ဆပ်ပြာနဲ့လက်ဆေးခြင်း mask တပ်ခြင်း လူအုပ်စုရှောင်ခြင်း ဝေးဝေးနေခြင်းကို တစက်ကလေးမှ အရှိန်အဟုန် မလျှော့ချပဲ အင်တိုက်အားတိုက် ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည့် အချိန်ဖြစ်ပါကြောင်း ထပ်လောင်း သတိပေးအပ်ပါသည်..

မြန်မာပြည်သူအားလုံး စည်းကမ်းတွေကို အတိအကျလိုက်နာခြင်းဖြင့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ဘေးမှ မိသားစုလိုက် ကင်းဝေးကြပါစေ.. ကမ္ဘာသူ ကမ္ဘာသားတွေလဲ ကပ်ရောဂါကို အမြန်ဆုံးကျော်လွှားအောင်မြင်နိုင်ပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်..

ဒေါက်တာခင်ခင်ကြီး