.အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိတဲ့အတွက် ခိုင်နှင်းဝေလိုမျိုး ကလေးတွေမွေးစားချင်တယ်ဆိုတဲ့ G.

အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိတဲ့အတွက် ခိုင်နှင်းဝေလိုမျိုး ကလေးတွေမွေးစားချင်တယ်ဆိုတဲ့ G

ပရိသတ်ကြီးတို့ရေ ရွှေနန်းတော်မိသားစုရဲ့ မျိုးဆက်သစ်ဆက်ခံသူ G ကတော့ The Voice Myanmar Season-3 ရဲ့ပြိုင်ပွဲဝင်ဟောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။သူမဟာ ပြိုင်ပွဲမှ ထွက်ခွာလာရတည်းက ပရဟိတအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး အဆိုပြိုင်ပွဲကနေတစ်ဆင့် ခင်မင်ရင်းနှီးခဲ့ရတဲ့ တေးရေး၊ တေးဆို ရန်မျိုးနဲ့တွဲဖက်ကာ သီချင်းတွေကို ဆက်လက်သီဆိုလျက်ရှိပါတယ်။

လောလောဆယ်၊ လတ်တလောမှာတော့ G အနေနဲ့ အခြားသောအနုပညာရှင်များနည်းတူ မိမိရဲ့မိဘလက်ငုတ် ရွှေနန်းတော်ရတနာဆိုင်မှ ရတနာပစ္စည်းများကို လည်းကောင်း၊အခြားသောလုပ်ငန်းရှင်များရဲ့ ကုန်ပစ္စည်းများကိုလည်းကောင်း Live Sale ရောင်းချပေးလျက်ရှိပါတယ်။ အခုလိုအနုပညာအလုပ်တွေနဲ့ မအားလပ်သည့်ကြားထဲမှ G အနေနဲ့ ပရဟိတလုပ်ငန်းတွေဘက်ကိုလည်း မပျက်ကွက်စေပဲ အားသွန်ခွန်စိုက် ကူညီလုပ်ကိုင်ပေးလျက်ရှိပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ ပရဟိတမင်းသမီးလေး G ကို ပရဟိတဘုရင်မကြီးလို့ တင်စားခေါ်ဝေါ်ရလောက်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေနဲ့အတူ တွဲလျက်တွေ့ရှိနေရတာဖြစ်ပြီးG အနေနဲ့ ခိုင်နှင်းဝေရဲ့ ပရဟိတလုပ်ငန်းတွေကို လေးစားအားကျရကာ ခိုင်နှင်းဝေလိုမျိုး ကလေးတွေကို မွေးစားချင်စိတ် ဖြစ်ပေါ်လာခဲ့မိတယ်ဆိုတဲ့အကြောင်း ရင်ဖွင့်ဖြေကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ G အနေနဲ့ သူမတို့ ပရဟိတအသင်းကို ရုံးခွဲဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပြီး အကယ်၍ ဖွင့်ဖြစ်ခဲ့မယ်ဆိုရင်တော့ ကိုဗစ်ကာလပြီးမြောက်ချိန်နဲ့တိုက်ဆိုင်နေမှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်မှာရှိတဲ့ လိုအပ်နေသူတွေ၊ မိဘမဲ့ကလေးကျောင်းတွေကို စပွန်စာအလှူရှင်တွေရဲ့အကူအညီနဲ့ သွားရောက်လှူဒါန်းချင်စိတ် ဖြစ်ပေါ်မိတယ်လို့ G က ဆိုပါတယ်။

အခုလို G ရဲ့ စိတ်ကူးစေတနာနဲ့ ပတ်သတ်လို့ ခိုင်နှင်းဝေက သူမရဲ့ အတွေ့အကြုံ၊ ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ကာ “အရင်တုန်းက အစ်မတို့ လုပ်သလိုပေါ့နော်။အစ်မတို့အနေနဲ့ ဒီကလေးတွေကို မမွေးပေးနိုင်ခင်တုန်းကဆိုရင် ကိုယ်တိုင်ကလည်း ဆယ်လီတစ်ယောက်ဖြစ်တာကြောင့်

တစ်နေရာကို ကူညီဖို့သွားပြီဆိုရင် ကိုယ့်နောက်မှာ မီဒီယာလည်း ပါလာသလို၊ အခြားအလှူရှင်တွေလည်း ပါလာတာပေါ့။ ဒီတော့ ကိုယ်က တစ်ဆယ်ဖိုးလှူရင် သူတို့ကတစ်ရာဖိုးရရင်ရမယ်။ အဲ့လိုမျိုးပေါ့နော်။ ပြီးရင် တခြားလိုအပ်နေတဲ့ မိဘမဲ့ကျောင်းတွေကိုလည်း လိုက်လှူပေးမယ်။ ညီမလေး G ဆိုလိုတာက အဲ့လိုသဘောမျိုးပါ။” လို့ ကူညီဖြေကြားပေးခဲ့ပါတယ်။

အခုလို ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာကို လာရောက်ကြည့်ရှုရတဲ့အခါမှာ G အနေနဲ့လည်း ယောကျ်ားယူဖို့ အစီအစဉ်မရှိသူတစ်ယောက်ဖြစ်တဲ့အတွက် ကလေးမွေးစားချင်စိတ်တောင် ပေါ်ပေါက်လာမိတယ်လို့ ဆိုပါတယ်။G က လတ်တလောမှာတော့ ရုံးခွဲဖွင့်ဖို့ကိစ္စအတွက် အလုပ်ရှုပ်နေတာကြောင့် မိဘမဲ့ကလေးများဂေဟာဖွင့်လှစ်ဖို့အတွက် အာရုံမထားနိုင်သေးပဲအခြေအနေအရ အခွင့်အရေးပေးလာတဲ့ တစ်ချိန်ကျရင်တော့ ခိုင်နှင်းဝေကဲ့သို့ ကလေးတွေမွေးပေးပြီး ကူညီလုပ်ကိုင်ပေးဖို့ကို စိတ်ဝင်စားတယ်လို့ G က ဆိုပါတယ်။

အခုလို G ရဲ့ မွန်မြတ်လှတဲ့ ပရဟိတစိတ်ထားလေးနဲ့ပတ်သတ်လို့ ခိုင်နှင်းဝေက”ညီမလေးက အခုလိုစိတ်မျိုးရှိတာ တကယ်ကောင်းပါတယ်။ ပရဟိတစိတ်ရှိတယ်ဆိုတာက ကိုယ်ကျွမ်းကျင်တဲ့အလုပ်မှ မဟုတ်ဘူး၊ကိုယ်မကျွမ်းကျင်လည်း လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်မျိုးရှိရမယ်လေ။ အစ်မတို့ဆိုလည်း ဒီတိုင်းပဲ။ သူများကို ကူညီချင်တာလေ။လုပ်ချင်တာတွေမှ အများကြီးပဲ။ အစ်မဆိုလည်း ဒီရင်သွေးလေးများဂေဟာကို စတင်တည်ထောင်စဉ်က ကလေးအယောက် ၂၀ လောက်နဲ့ စခဲ့တာ။

အခုဆို အယောက် ၄၀ ကျော်နေပြီ။ နောက်ထပ်အဆောက်အအုံသစ်တွေ ဆောက်လို့ပြီးရင်တော့ အယောက် ၁၀၀ ကျော်လာလိမ့်မယ်ထင်တယ်။ အခုထက်အလှူရှင်တွေ တောင့်တင်းလာခဲ့ရင်တော့ နောက်ထပ်လက်ခွဲတွေ ဖွင့်ချင်တယ်။

ဒီလိုမိဘမဲ့ကလေးတွေအတွက် နေရာလေးတစ်နေရာ ထားပေးချင်တယ်။ ဒီလုပ်ငန်းတွေကိုလည်း တိုးချဲ့သွားချင်တာပေါ့နော်။ ဒါကတော့ G တို့၊ အစ်မတို့လို ပရဟိတစိတ်ဓာတ်ရှိသူတွေရဲ့ အတွေးတွေပါ” လို့ မှတ်ချက်ပေးဖြေကြားပေးခဲ့ပါတယ်။ ခိုင်နှင်းဝေတို့၊ G တို့လို ပရဟိတလုပ်ငန်းကို အင်မတန်မှ သဘောကျနှစ်ခြိုက်တတ်သူတွေ ပိုမိုများပြားလာသင့်ကြောင်းနဲ့ ပတ်သတ်လို့ G က “တကယ်တမ်းတော့ လူတိုင်းမှာ အဲ့လိုပရဟိတစိတ်ဓာတ်မျိုးရှိရင်တော့ ကောင်းတာပေါ့နော်။

ဟိုလိုမျိုးကြီး လုပ်အားပေးခိုင်းတာတော့ မဟုတ်ပါဘူး။ လှူဒါန်းထည့်ဝင်ပေးတယ်ဆို ရပါပြီ။ လုပ်အားပေးမယ်ဆိုရင်လည်း ကိုယ့်ဝင်ငွေအတွက်ကို ထည့်စဉ်းစားရဦးမယ်။လုပ်အားပေးတဲ့သူက သက်သက်၊ အလှူရှင်တွေက သက်သက် အဲ့ဒီလိုမျိုး လိုချင်တယ်။” လို့ ဖြေကြားပေးခဲ့ပါတယ်။

ဒီအင်တာဗျူးလေးအတွက် နောက်ဆုံးနှုတ်ဆက်စကားအနေနဲ့ G က “ညီမကို အားပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခါဆိုရင်လည်း မခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာကို လာရောက်လှူဒါန်းပေးကြပါဦး။မလှူချင်သေးဘူးဆိုရင်တောင် လာကြည့်ကြပေါ့နော်။ ဒီကိုတကယ်လာကြည့်ရင် လှူချင်စိတ်ပိုပေါက်သွားလိမ့်မယ်ထင်တယ်။ ကလေးတွေကလည်း သေးသေးလေးတွေ၊

ချစ်စရာရာလေးတွေ၊ ပြီးတော့ လူဦးရေကလည်း အရမ်းများတာလေ။ ဘယ်ဟာပဲဖြစ်ဖြစ်၊ လှူနိုင်တဲ့နေရာကို လှူကြပါပေါ့နော်။” လို့ အသိပေးပြောကြားခဲ့ပါတယ်။ ခိုင်နှင်းဝေရဲ့ နှုတ်ဆက်စကားကတော့ “အခုလို ပြောပေးတဲ့အတွက် ညီမလေး G ကိုလည်း ကျေးဇူးတင်ပါတယ်။ သူများတွေက အစ်မကို မေးကြတယ်။ ဒီကလေးတွေအများကြီးနဲ့ သူတို့တွေအသက်ကြီးလာတဲ့အခါ ဘယ်လိုလုပ်ကြမှာလဲတဲ့။

အစ်မက ကိုယ်ပိုင်ကျောင်းထောင်မှာလေ၊ ကိုယ်ပိုင်ကျောင်းဖွင့်မှာ။ သူတို့လေးတွေ မူကြိုကျောင်းတက်ချိန်မှာ မူကြိုတက်ရမယ်။ ကျောင်းတက်ရမယ့်အရွယ်ရောက်ရင်လည်း ကိုယ်ပိုင်ကျောင်းဖွင့်နိုင်အောင် လုပ်မယ်ဆိုတော့ အစ်မတို့အနေနဲ့ ကျားကြီးခြေရာကြီး ဖြစ်လာမှာပဲ။

ကလေးတွေအသက်ကြီးလာတာနဲ့အမျှ ကုန်ကျစရိတ်ဆိုတာက အများကြီးပေါ်လာမှာ။ အခုလောလောဆယ်တော့ ကျန်တာတွေ မတွေးထားသေးဘူး။ ကလေးတွေကို ကျယ်ကျယ်ဝန်းဝန်းနဲ့ နေရာကောင်းကောင်းလေးမှာ သပ်သပ်ရပ်ရပ်လေး ထားချင်တယ်။

အဲ့ဒီအတွက် အစ်မကိုလှူပေးကြတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ညီမလေး G ကိုလည်း အခုလို လာရောက်ပြီး ဝိုင်းဝန်းအားဖြည့်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။” လို့ ဖြေကြားပေးခဲ့ပါတယ်။

ဒီအင်တာဗျူးလေးမှာ G နဲ့ ခိုင်နှင်းဝေတို့ရဲ့ ဖြေကြားချက်လေးတွေနဲ့ ပတ်သတ်လို့ ပရိသတ်ကြီးတို့ဘက်က ထင်မြင်ချက်လေးတွေကိုလည်း ကြားသိချင်ပါသေးတယ်နော်။ ပရိသတ်ကြီးတို့အနေနဲ့လည်းအခုလို အကူအညီတွေလိုအပ်နေတဲ့ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာကို သွားရောက်လှူဒါန်းပေးကြပါဦးလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ လှူဒါန်းမှုအတွက် အသေးစိတ်သိရှိလိုသည်များကို ခိုင်နှင်းဝေရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ “Khine Hnin Wai (Su Hnin)” မှာ သွားရောက်လေ့လာနိုင်ပါတယ်။