* မသေဆေးလို့တောင် တင်စားကြတဲ့ အသက်ရှည်ဆေးခေါ် မချစ်ဥ (ဂမုန်းကြက်သွန်ဖြူ) ဆေးတော်

ကချင်ပြည်နယ်မြောက်ပိုင်း ရေခဲများဖုံးအုပ်သော ဒေသ တွင် များစွာ ပေါက်သဘာဝအလျောက် ရောက်သည်။ ရေခဲများဖုံးအုပ်ချိန်၌ ရေခဲ များအောက်၌ ပေါက်ရောက်ပြီး ရေခဲများအရည်ပျော်သွား သောအခါမှ ပေါ်ထွက်လာသည်။ပင်ပျော့ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁ ပေခန့်ရှိသည်။ ရေခဲပြင်အောက် ၌ပေါက်ရောက်သော အပင်မျိုးဖြစ်သည်။ ပင်တည်းဖြစ်၍ ပင်စည် အစိမ်းရောင်ရှိပြီး ချောမွေ့သည်…

ရွက်ဆိုင်ထွက်သည်။ ဖြောင့်မတ်သည်။ကြိုးပြားသေးပုံရှိပြီး ရွက်ထိပ် ချွန်သွယ်သည်။ ရွက်ညှာမဲ့သည်။ ရွက်လယ် ကြော ထင်ရှားသည်။ ၂ လက်မ ၄ လက်မ ရှည်သည်။ပွင့်တည်း ပွင့်သည်။ ၁ မှ ၂ လက်မ အထိ ရှည်သည်။ ခေါင်းလောင်း ပုံဖြစ်သည်။

မြန်မာဆေးကျမ်းများအရ ၎င်းဥသည်ခါးသည်၊ဆိမ့်သည်၊ အသက်ကို ရှည်စေနိုင်သော ဂုဏ်သတ္တိရှိ၏။ လူသားတို့အတွက် အရေးကြီးသော လေဓာတ်ကိ အားပေး၏။ ယုတ်လျော့နေသော ကိုယ်ငွေ့အပူ ဓာတ်ကို ဖြစ်ထွန်း နိုင်ရန် များစွာ အထောက်အပံ့ပြု၏။

အသုံးပြုပုံ

မချစ်ဥ၍ ထူးခြားသော အစွမ်းသတ္တိရှိ၍ ယင်းကို မအို၊ မနာ၊ မသေဆေး ဟု ယူဆကြသည်။

အနာပေါက်၊ ပန်းနာ၊ သွေးအားနည်းရောဂါ ၊ ချောင်းခြောက် အဆုတ်နာ၊ လေကျိတ်၊ သွေးကျိတ်၊အကြောနာ၊အဆစ်ကိုက် ၊ဆီးပူငုပ်၊ နာတာရှည်ဖျား စသော ရောဂါများ မကျရောက်နိုင်အောင် လည်းကောင်း၊ ပျောက်ကင်း ချမ်းသာစေရန်လည်းကောင်း အသုံးပြု၏။

မချစ်ဥကို အမှုန့်ပြု၍ လိမ္မော်ခွံနှင့် ပြုတ်ပြီးသောက်ခြင်းဖြင့်ပန်းနာရောဂါ နူနာရောဂါများ ပျောက်ကင်းစေ၏။
မချစ်ဥခြောက်အမှုန့်ကို ပျားရည်ပုလင်းကြီး တစ်ဝက်ခန့်နှင့်စိမ်ထားပြီး နေ့စဉ်နံနက် ည လက်ဖက်ရည်ဇွန်းတစ်ဇွန်းကျ စားသုံးပေးပါက ဒူလာရောဂါ ပျောက်ကင်း၍ အိပ်ပျော်စားဝင် အသက်ရှည်စေသည်။

Credit to arogyamonline
‘မသေဆေးခေါ် မချစ်ဥခေါ် ကြက်သွန်ဂမုန်း’

ရေသူ – မောင်နွယ်သန်း
ကချင်ပြည်နယ်မြောက်ဖျား ပူတာအိုဒေသအတွင်း ရေခဲတောင်တန်းများပေါ်၌ ပေါက်ရောက်ရှင်သန်ပါ သည်။ အလွန်အဖိုးတန်သော နာမည်ကြီးဆေးဖက်ဝင် တစ်မျိုးဖြစ်ပါသည်။ ရဝမ်တိုင်းရင်းသားများက မချစ်ဥဟု ခေါ်တွင်သကဲ့သို့ ထိုဒေသနေ ဂျင်းဖော (ကချင်)၊ ခန္တီးရှမ်းလူမျိုးများကလည်း မချစ်ဥဟု ခေါ်တွင်ကြပါသည်။ ”အဒွမ်းလောင်” နှင့် ”စိန်ခူးဝမ်”မြစ်ဝှမ်းနေ တိဗက်လူမျိုးများကမူ ”မချစ်ဥ”အား ”ယော်တော့” ဟုခေါ်ကြ ပါသည်။

ယူနန်နယ်မှ တရုတ်လူမျိုးများကမူ မချစ်ဥအား ” ပိုက်မူ” ဟုခေါ်ကြပြန်ပါသည်။ ရုက္ခဗေဒ အားဖြင့် ဟုခေါ်ကြကြောင်း သိရှိရပါသည်။ မချစ်ဥ၏ အစွမ်းအာနိသင်ကို စတင်သိရှိသူများမှာ ယူနန်နယ် မှ တရုတ် ကုန်သည်ကြီးများ ဖြစ်ကြပါသည်။ တရုတ်လူူူမျိုးများက မချစ်ဥကို ပျားရည်နှင့် စိမ်၍ နေ့စဉ်နံနက် သို့မဟုတ် ညတိုင်း မှန်မှန်စားပေးခြင်းဖြင့် မည်သည့်ရောဂါမျှမဖြစ်နိုင် အသက်ရှည်နုပျိုသည်ဟု ယုံကြည်ကြပါသည်။

ထို့ကြောင့် မချစ်ဥကို မသေဆေးဟု တင်စားခေါ်ဝေါ်ကြသည်။ ဗမာတို့ကမူကြက်သွန် ဂမုန်းဟုလည်း ခေါ်ပါသည်။ မချစ်ဥထွက်သော နေရာများကို စတင်သိရှိသူများမှာ တိဗက်လူမျိုးများပင်ဖြစ်ကြပါသည်။

#ပေါက်ရောက်သော ဒေသနှင့် တူးဖော်ချိန်

မချစ်ဥပင်များသည်အမြင့်ပေ ၁၂ဝဝဝ နှင့် ၁၃ဝဝဝ အထက်သာမန်သစ်ပင်များ ကောင်းစွာ မပေါက်ရောက်နိုင်သော ရေခဲဖုံးဒေသများတွင် ပေါက်ရောက်ကြပါသည်။ အဆိုပါဒေသများမှာ ခေါင်လန် ဖူးမြို့နယ်၊ နောင်မွန်မြို့နယ်နှင့် ပန်နန်းဒင်မြို့နယ်ခွဲများ ဖြစ်ကြပါသည်။ အဆိုပါမြို့နယ်များတွင် အထူးသဖြင့် တရုတ်မြန်မာနယ်စပ်တောင်တန်းများတွင် ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီလောက်မှ မြန်မာနိုင်ငံရှိ ရဝမ်၊ ထလူ၊ တရုတ်လူမျိုးများသည် မချစ်ဥ ရှာဖွေရကောင်းမှန်းစတင်သိရှိလာခဲ့ကြပါသည်။

မချစ်ဥတူးဖော်ချိန်မှာ တစ်ကြိမ်လျှင် သုံးလမျှသာဖြစ်သည်။
မချစ်ဥပင်ကို ရှာဖွေတွေ့ရှိရန်မှာ တစ်နှစ်လျှင် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများအတွင်းသာ ဖြစ်၍ အခြားအချိန်တွင်ရှာ၍ တွေ့နိုင်မည်မဟုတ်ပေ။ ထို့ပြင် မချစ်ဥပင်မှာ နေရာတွင်လည်းမတွေ့နိုင်ပြန်ပါ။

တိဗက်-မြန်မာနယ်စပ်တွင် နှစ်စဉ် အောက်တိုဘာလလောက်မှစ၍ ရေခဲဆီးနှင်းများ ကျစပြု၏။ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ဖြူဖွေးသော ရေခဲထုများ ထူပိန်းပြီး တောင်တန်းတောင်ကြော တစ်လျှောက်လုံးအုပ်ဆိုင်းနေပေပြီ။

တိဗက်နှင့် ယူနန်သွားသည့် တောင်ကြားလမ်းသည် ရေခဲကြောင့် ပိတ် လျက်ရှိတော့သည်။ မတ်လကုန် ဧပြီလလောက်တွင် ရေခဲများစတင်၍ အရည်ပျော်ကြသည်။ မိုးလည်း တဖြောက်ဖြောက်ကျလျက်ရှိသည်။ မေလတွင် အချို့ မြင့်မားသည့် နေရာလောက်မှလွဲပြီး ကျန်တောင်များ တွင် ဖြူဖွေးသော ရေခဲများမရှိကြတော့ပါ။ ဤကဲ့သို့ နှင်းခဲရည်များ အရည်ပျော်စအချိန်သည် ပေသောင်းနှစ် ထောင်ကျော်အထက်တွင် လူးလွန့်ပေါ်ထွက်ကြတော့သည်။

မချစ်ဥ ရှာဖွေတူးဖော်ကြမည့်သူများသည် မချစ်ဥရှိမည့် စားကျက်ကွင်းသို့ ဇွန်၂ဝ ရက်နေ့လောက်တွင် မှန်းပြီး အရောက်လာကြရပါသည်။ မချစ်ဥမှာ ကြာကြာမခံပါ။ ၁၅ ရက်ခန့်သာခံသဖြင့် ဤရက်အတွင်း မချစ်ဥပင်ကို တွေ့အောင်ရှာရမည် ဖြစ်ပါသည်။

မြင့်မားလှသည့် တောင်တန်းဒေသတွင် မချစ်ဥတူးမည်သူများသည် ၁ဝ ရက်၊ ၁၅ ရက်စာ ရိက္ခာများကို သယ် ဆောင်သွားကြရမည်ဖြစ်ပါသည်။ အနီးဆုံးရွာနှင့် ဤမချစ်ဥစားကျက်ကွင်းမှာ အနည်း ဆုံး ၄ ရက်မှ ၁၁ ရက် ခရီးကွာဝေးကြပြန်သည်။ ထို့ကြောင့် မချစ်ဥရှာဖွေတူးဖော်ရေးတို့မှာ ထင်သလောက် မလွယ်ကူလှကြောင်း တွေ့ကြရပါသည်။

မချစ်ဥပင်များမှာ အကောင်းအဆိုးအမျိုးမျိုးရှိကြပါသည်။ အပင်အမြင့်မှာ ၂ ပေခွဲခန့်သာရှိပါသည်။ အကောင်းဆုံးနေရာရှိ အပင်များမှာ ၃ ပေကျော်ပါ သည်။ ထိုအပင်မျိုး၏ ပင်စည်မှာ အမျိုးသမီးလက်သန်းမျှ သာကြီးသည်။ မချစ်ဥပင်တစ်ပင်၏ အသက်မှာ ရေခဲပျော်၍ ပေါက်လာသည့်အချိန်မှ ရေတွက်သော် ၁၅ ရက်ခန့်သာခံပါသည်။ မချစ်ဥပင်မျိုးရိုးမှာ ဘိန်းပင်မျိုးနွယ်နှင့် ဆင်ကြသည်။ အရွက်မှာ ပေါ်ပီနှင့်ကွဲသည်။ မြက်ကဲ့သို့လည်းကောင်း၊ စပါးပင်ကဲ့သို့လည်းကောင်း ရှည်လျားသွေးသွယ်သော အရပ်များ ရှိကြသည်။ ပန်းပွင့်မှာ ပေါ်ပီကဲ့သို့ အထူးလှပပြီး အရောင်မျိုးစုံပွင့်ကြပါသည်။

ပထမပွင့်စတွင် အရောင်တစ်မျိုးဖြစ်၍ ကြွေကျခါနီးတွင် အရောင်တစ်မျိုး ပြောင်းကြသည်။ ပန်းများတွင် အဖြူရောင်၊ အနီရောင်၊ အပြာ၊ ခရမ်းနှင့် အဝါရောင်များ ဖြစ်ကြလေသည်။ ဘိန်းပင်ကဲ့သို့အပွင့်မှာ ရင့်ရော်ပြီး အသီးသဖွယ် သီးကြ၏။ အသီးများ ရင့်လာသည်နှင့် အပင်ပါခြောက်ပြီး ပျောက်ကွယ်သွားတတ်ပါသည်။ ယင်းကဲ့သို့ အပွင့် များ ကြွှေစအချိန်တွင် မချစ်ဥပင်ရင်း မြေကြီးအတွင်းမှ မချစ်ဥများကိုတူးဖော်ကြရခြင်း ဖြစ်ပါသည်။

မချစ်ဥပင်တစ်ပင်လျှင် ဥတစ်ဥသာတွေ့နိုင်ပြန်သည်။ မချစ်ဥတူးသူများသည် မချစ်ဥ၏ အရောင်ကို ကြည့်ပြီး မချစ်ဥအရောင်အကျက်ကို ခန့်မှန်းနိုင်ကြပါသည်။ မချစ်ဥများမှ ကြက်သွန်ဖြူဥများနှင့် သဏ္ဍာန်တူ သဖြင့် ကြက်သွန်ဂမုန်းဟုလည်း ခေါ်တွင် ကြခြင်းဖြစ်ပါသည်။

မြေကြီးအတွင်းခြောက်လက်မမှ တစ်ပေခန့် အထိ တူးယူကြပါသည်။ ထို့သို့တူးယူရရှိသော မချစ်ဥအစိုများကို အခြောက်လှန်းကြရပြန်ပါသည်။ ဇွန်၊ ဇူလိုင် လများမှာ မိုးတွင်းဖြစ်သဖြင့် ခြောက်လှန်းရာတွင် ဂရုတစိုက်လှန်းကြရပါသည်။ အခြောက်မလှန်းဖြစ်ဘဲ ရက်ကြာလျှင် ပုပ်သွားတတ်ပါသည်။ ထို့ကြောင့် နေ့တွင်ရှာဖွေရသမျှညတွင် ချမ်းချမ်းနှင့် မီးလှုံရင်း ခြောက် လှန်းကြရလေသည်။

မချစ်ဥရှာဖွေသူတစ်ဦးလျှင် တနင်္ဂနွေတစ်ပတ်၊ နှစ်ပတ်ရှာဖွေပါက ပျှမ်းမျှတစ်ပိဿာ ခန့်ရကြပါ သည်။ အချို့မှာလည်းကံမလိုက်သဖြင့် မချစ်ဥရာသီ ကုန်သွားသည်အထိ ရှာဖွေ၍မတွေ့ကြရပါ။ မိမိတို့ပါ လာသော ရိက္ခာကုန်သွား သည်အထိရှာဖွေ၍ တွေ့ကြ ပါ။ မိမိတို့ပါလာသော ရိက္ခာကုန်၊ လူပန်းပြီး အချည်းနှီးပြန်သွား ရသည်လည်း ကြုံကြရပါသည်။ ယခုနှစ်ရှာဖွေ တွေ့ရှိသောနေရာတွင် နောက်နှစ်တွေ့ရမည်ဟူ၍လည်း အတပ် မပြောနိုင်ပါ။ ထို့ကြောင့် လုံ့လဝရီယ စိုက်ထုတ်ရသည့်အပြင် ကံကလည်း လိုက်ပါမှ မချစ်ဥကို တွေ့နိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်းမချစ်ဥရှာဖွေတွေ့ရှိသော နေရာများကို အတိအကျတင်ပြရလျှင် နမ့်တမိုင်မြစ်ဖျား လက်တက်များဖြစ်ကြသည့် စိန်ခူးဝမ်မြစ်၊ အဒွန်းဝမ် မြစ်စသည့်မြစ်ဖျားခံရာတောင်များနှင့် မလိခမြစ်ဖျားခံရာ မလိခူးတောင်တန်းတွင်သာဖြစ်သည်။ ပူတာအို ဒေသမြောက်ပိုင်းမှ လွှဲ၍ ကချင်ပြည်နယ်၊ အခြား မည်သည့် နေရာတွင်မျှ တွေ့နိုင်မည်မဟုတ်ပါ။ ရဝမ်၊ ထလူ၊ တရုံ၊ တိဗက်နှင့် လီဆူးတိုင်းရင်းသားတို့သာလျှင် မချစ်ဥ များကို ရှာဖွေတူးဖော်ကြ၏။

အခြား ဂျင်းဖောလ်၊ ဒူးလမ်း၊ ခန္တီးရှမ်းတို့မှာ မချစ်ဥထွက်ရာ ဒေသများသို့ ရောက်ပင်မရောက်ဖူးကြပေ။

မချစ်ဥအကောင်းဆုံးနှင့် အများဆုံးထွက်သော နေရာမှာ တိဗက်-မြန်မာနယ်စပ် မြန်မာနိုင်ငံ၏ အစွန်းဆုံးအပိုင်းရှိ မလောင်ဝမ်မြစ်ဖျားဒေသ ဖြစ်သည်။ ဤစားကျက်ကွင်းကို စတင်တွေ့ရှိတူးဖော်နေရ သူများမှာ တိဗက်နယ်မှ ဂျယ်ထန်သားများ၊ ကလောဝေါင်းမြစ်ဖျားနှင့် ဇာယူမြစ်ဖျားပိုင်း၊ ဒရိုးဝါး မြို့နေ တိဗက်များဖြစ်ကြသည်။ နှစ်စဉ် မချစ်ဥ တူးဖော်ချိန်တွင် တိဗက်များသည် တစ်ဖွဲ့လျှင် လူငါးဆယ်မှ တစ်ရာ အထိ ပါရှိသုံးပြီး သုံးလေးဖွဲ့၍ ဒေသတွင် လာရောက်တူးဖော်နေကြသည်ဖြစ်ရာ မြန်မာနိုင်ငံဘက်မှ တိုင်းရင်း သားမည်သူအားမျှ အဝင်မခံကြောင်း သိရှိရပါသည်။

ဒုတိယအများဆုံးထွက်သောဒေသများမှာ အဒွန်း ဝမ်မြစ်သို့ စီးဝင်သည် တဇုံဝမ်မြစ်နှင့် ၎င်း၏ မြစ်ဖျား ခံရာ ချောင်းခွဲ ကလေးများနှင့် ရေသောက်မြစ်ဆုံရာ တောင်တန်းများဖြစ်ကြသည်။ ဤဒေသမှာ မြန်မာနိုင်ငံ ဘက်မှ တိုင်းရင်းသားတို့၏ စားကျက်ကွင်း ဖြစ်လေသည်။ အဒွန်းဝမ်၏ အခြားမြစ်လက်တက်ဖြစ်သော ဂမ်လန်မြစ် မြစ်ဖျားပိုင်းဒေသနှင့် ဂလန်ရာဇီ တောင်တန်းများ စသည့်အပိုင်းတို့တွင် တိဗက်နယ်ရီး မားသား တိဗက်များ၏ စားကျက်ကွင်းဖြစ်၍ အောက်ပိုင်းမှာ မြန်မာတိုင်းရင်းသားတို့တူးဖော်ရာ ဒေသဖြစ်ပါသည်။

စိန်ခူးဝမ် မြစ်ဖျားပိုင်းဒေသများတွင် တိဗက် ပြည်ရီးမားနယ် ”ဟိုက်ထ” တိဗက်များနှင့် မိမိတို့ ဘက်မှ တိုင်းရင်းသားများနှစ်ဦးစလုံး တူးဖော်ကြပါသည်။
အဒွန်းဝမ်မြစ်၏ အခြားမြစ်လက်တက်တစ်ခုဖြစ်သော သာလာဝမ်မြစ်ဖျားပိုင်း၊ ထုံဝမ်သလာ တောင် ကြားလမ်းစသည်တို့နှင့် နာမ်နီလခါးတောင်ကြား လမ်းဒေသများတစ်ဝိုက်တွင် တိဗက်နယ်သားများ၏ စားကျက် ကွင်းဖြစ်ပါသည်။ ယင်း၏ တောင်ဘက် ပိုင်းဒေသများတွင် မိမိတို့ဘက်မှ တူးဖော်ကြပါသည်။ မလိခမြစ်ဖျား ခံရာ ” မလိခူးဒေသ” ပိုင်းမှာလုံးဝမိမိတို့ဘက်မှ တိုင်းရင်းသားများ၏ စားကျက်ကွင်းဖြစ်လေသည်။

#အမျိုးအစားများ
အကြမ်းအားဖြင့် မြန်မာနိုင်ငံတွင် မချစ်ဥ သုံးမျိုးခန့်တွေ့ရပါသည်။ ဒေသအခေါ်အားဖြင့် အန်လပ်မ ချစ်မှာ အဖိုးတန်ဆုံး မချစ်ဥဖြစ်ပါသည်။ ပင်စည်မှာ မြေကြီးမှ ရှည်ရှည်ထွက်လာလေ့မရှိ။ မြေကြီးနှင့် လက်လေးလုံးခန့်သာမြင့်ပြီး အရွက်နှစ်ရွက်ခန့်သာ ထွက်လေ့ရှိပါသည်။ ဤအမျိုးအစားကို နားလည် သူမျိုးလောက်သာရှာဖွေတွေ့ရှိနိုင်သည်။ အကောင်းဆုံး မချစ်ဥအမျိုးအစားဖြစ်ပါသည်။

ဒုတိယအမျိုးအစားမှာ အန်လောင်းမချစ်ဖြစ်သည်။ အပင်၏ အမြင့်မှာ နှစ်ပေသုံးပေခန့်ရှိသည်။ အပင်တစ်ပင်လျှင် ပန်းပွင့်သုံးလေးပွင့် လေ့ရှိသည်။ ပန်းအရောင်လည်းသုံးခါလဲသည်။ ပထမအဖြူရောင်၊ ဒုတိယခရမ်းရောင်ဖြစ်ပြီး ကြွေကျခါနီးတွင် အနီ သို့မဟုတ် အဝါသို့ထူးဆန်းစွာ ပြောင်းလဲသွားပါသည်။

မချစ်ဥရှာဖွေသူများသည် ဤကဲ့သို့ အရောင် အဝါသို့မဟုတ် အနီသို့ပြောင်းမှ မချစ်ဥကို စတူးကြပါ သည်။ အန်လောင်းမချစ်မှာ အုပ်စုနှင့်တွေ့ ရသည်။ တစ်ပင်လျှင် တစ်ဥသာတွေ့ရသည်။ ပထမတူးဖော်ပြီးစ မချစ်ဥမှာ ကြက်သွန်ဖြူကဲ့သို့ အဖြူရောင် မပေါ်သေးပါ။ မီးနှင့် တဖြည်းဖြည်းလိုသလောက် ကင်ပေးမှ အရောင်ကောင်း ပြီး ဖြူဖွေးလာသည်။ တစ်နေ့လုံးရှာ၍ တစ်ပိဿာရလျှင် ကံထူးသူပင်ဖြစ်ပေသည်။

#ပေါက်ဈေးနှင့် ရောင်းဝယ်မှု

စာရေးသူသည် ပူတာအိုမြို့သိုပြောင်းရွှေတာဝန် ထမ်းဆောင်နေရစဉ် ပူတာအိုမြို့မဈေးအတွင်း၌ ရောင်းချနေသော မချစ်ဥအခြောက်အထုပ်ကလေးများ ကို ဈေးနှုန်းမေးကြည့်ရာ ငါးကျပ်သားခန့်ရှိ အထုပ် ကလေးကို ၁၅ဝဝကျပ်ဖြင့် ရောင်းချနေသည်ကို တွေ့ရပါသည်။ ရောင်းချသူဆိုင်ရှင်က ” အရင် ကတော့ များများစားစားဆိုင်တင်ထားနိုင်ပါတယ်။ အခုချိန်မှာတော့ ဈေးကောင်းရတဲ့အတွက် တရုတ်ပြည် ဘက်ကို ခြေလျင်လမ်းကပို့နေကြတော့ ဒီဘက်ကို များများစားစားမရောက်တော့ဘူး” ဟု ပြောပါသည်။

ယူနန်မှာလား ဝန်တင်ကုန်သည် လောပန်ကြီးများ သည် မချစ်ဥကို စုပေါင်းဝယ်ယူသွားကြပါသည်။ မြန်မာနိုင်ငံတောရွာများတွင် စပါးပေးယူသော အရင်းရှင်များကဲ့သို့လည်းကောင်း၊ လောပန်းကြီးများ သည် မချစ်ဥရှာဖွေတူးဖော်သူများထံသို့ဆား၊ အဝတ် အစား၊ ဝက်ပေါင်ခြောက်၊ လက်ဖက်ခြောက်၊ ငွေ စသည်တို့ကို ကြိုတင်ပေးထားပြီး မချစ်ဥပေါ်ချိန်တွင် လာရောက်သိမ်းယူလေ့ရှိကြသည်။

မချစ်ဥပေါက်ဈေးမှာ တစ်နေရာနှင့် တစ်နေရာ၊ တစ်နှစ်နှင့် တစ်နှစ်မတူကြပါ။ ၁၉၅၆ ခုနှစ်လောက် က ပူတာအိုတွင် တစ်ပိဿာ ၂ဝဝ ကျပ်၊ စာရေးသူ တာဝန်ထမ်းဆောင်ချိန် (၂ဝဝ၆ ခုနှစ်) ကာလ၌ တစ်ပိဿာ ၃ဝဝဝဝ ကျပ်၊ ယခုအခါတွင်မူသည် ထက်မက မြင့်မားနေတော့မည်မှာ သေချာပါသည်။
#အစွမ်းသတ္တိ

ဒေသခံများ၏ ပြောပြချက်အရ ဗိုက်နာ၊ ဝမ်း လျှော၊ ဝမ်းကိုက်သည့်အခါ ဆေးဥတစ်လုံးကို ဝါး၍ ရေဖြင့်မျှောချခြင်းဖြင့် ပျောက်ကင်းသည်။
ချောင်းဆိုး ရင်ကျပ်၊ အအေးမိ၊ နမိုးနီးယားကဲ့သို့ ရောဂါမျိုးတွင် ပျားရည်နှင့်ရော၍ သောက်ကြပါသည်။

ထိခိုက် ဒဏ်ရာရသည့်အခါတွင်လည်း အမှုန့်ကြိတ်၍ အနာတွင် ထည့်ပြီး အဝတ်နှင့် ပတ်ထားခြင်းဖြင့်ပျောက် ကင်းသည်ဟုဆိုပါသည်။
ရဝမ်၊ ထလူ၊ တရုံ လူမျိုးများသည် သာမန်အားဖြင့် ဗိုက်နာ၊ ဝမ်းလျှော၊ ဝမ်းကိုက်သည့်အခါတွင်၎င်း ဆေးဥတစ်လုံးကိုဝါး၍ ရေနှင့်မျိုချခြင်းဖြင့် ပျောက်ကင်းချမ်းသာကြပါသည်။

ယူနန်နယ်မြောက်ပိုင်းနေ တရုတ်သူဋ္ဌေးကြီးများသည် စဉ့်အိုးများတွင် ဤမချစ်ဥကို ပျားရည်နှင့်အတူ ရောပြီး စိမ်ထားပြီး လေလုံပိတ်ကာ တစ်နှစ်မှ သုံးနှစ်အထိ လှောင်ထားလေ့ရှိကြောင်း၊ သုံးနှစ်ခန့်စိမ်ပြီးမှ နေ့စဉ်နံနက်သို့မဟုတ် ညပိုင်းမှန်မှန်စားခြင်းဖြင့် မည်သည့်ရောဂါမျှမဖြစ်နိုင်၊ အသက်ရှည်၍ နုပျိုသည်ဟု ယုံကြည့်ကြသဖြင့် မချစ်ဥကို မသေဆေးဟုခေါ် ဝေါ်ကြကြောင်းသိရပါသည်။

တရုတ်တို့သည် မချစ်ဥကို ကာမအားတိုးဆေး အဖြစ် အသုံးပြုကြောင်းသိရှိရပါသည်။ ထို့ပြင် မဖြူ၊ ရုပ်ရည်အိုမင်းခြင်းမရှိသည့် အားတိုးဆေးအဖြစ်လည်း ဖော်စပ်သုံးစွဲခဲ့ကြပါသည်။ ဆံချိုခေါ် တရုတ်ဆေး စွမ်းကောင်းသည် ဤမချစ်ဥကို အဓိကထား၍ ဖော် စပ်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ဤသို့အားဖြင့် ပြည်မြန်မာမြောက်ပိုင်း ကချင်ပြည်နယ်ပူတာအိုဒေသမှ ထွက်ရှိသောမသေဆေးခေါ် မချစ်ဥခေါ် ကြက်သွန်ဂမုန်းသည် အဖိုးတန်သယံဇာတ ဆေးဖက်ဝင်တစ်မျိုးဖြစ်ကြောင်း လေ့လာတင် ပြလိုက်ရပါသည်။
Credit : မောင်နွယ်သန်း